၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသော ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု
အနှစ်ချုပ်
အသံအဖွဲ့၏စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာများ၏မှတ်တမ်းအရ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ပြည်သူလူထု၏ နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများမှာ စုစုပေါင်း ၁၄၄-ကြိမ်ရှိသည်ကိုတွေ့ရှိရပြီး ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့်အား စစ်အုပ်စုမှ အကြမ်းဖက်မှု ၂-ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများထဲတွင် စစ်ကိုင်းတိုင်းဒေသသည် အကြိမ်ရေ အများဆုံးဖော်ဆောင်နိုင်သည့် ဒေသတခုအဖြစ် တွေ့ရှိရပြီး ဆန္ဒထုတ်ဖော်မှုပေါင်း ၁၀၅- ကြိမ်မျှ ပြုလုပ်ခဲ့သည်။ ၄င်းမှာ ပြည်သူ့တပ်ဖွဲ့များ၏ သက်ဆိုင်ရာ နယ်မြေထိန်းချုပ်မှုအားကောင်းသောကြောင့်ဟု အသံအဖွဲ့အနေဖြင့် သုံးသပ်သည်။

အကြမ်းဖက်မှု ဖြစ်စဉ် (၁)
တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်(ခ)ကိုဖိုးသား၊ လူငယ်သပိတ်ကော်မတီ ဦးဆောင်သူ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ အဖွဲ့ဝင်ဖြစ်သည့် မမြမဉ္ဇူနှင့် နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်တို့အား အကြမ်းဖက်စစ်တပ်မှ ဇန်နဝါရီလ၊ ၃၁ ရက်နေ့တွင် ပုဒ်မ ၅၀၅-ကနှင့် ထောင်ဒဏ် သုံးနှစ်စီချမှတ်လိုက်သည်။ လေ့လာတွေ့ရှိချက်များအရ ၎င်းတို့ လေးဦးသည် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ ပါဝင်သည့်အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ၊ ၁၉ ရက်နေ့တွင် မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ အသံအဖွဲ့မှကောက်ယူရရှိထားသည့် သတင်းအချက်အလက်များအရ အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်(ခ)ကိုဖိုးသားသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၊ ၁၉ ရက်နေ့တွင် ပန်းပင်ကြီးဆန္ဒပြပွဲအတွင်း ဖမ်းဆီခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ၊ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက်လာခဲ့ပြီး ယခု ဒုတိယအကြိမ်ထပ်မံဖမ်းဆီး ထောင်ချခံရခြင်းဖြစ်သည်။
အကြမ်းဖက်မှု ဖြစ်စဉ် (၂)
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် ကျရောက်သော (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရွှေပြည်သာသပိတ်ကော်မတီမှ ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော်တို့အား အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခဲ့ပြီးနောက် ဖေဖော်ဝါရီလ၊ ၆ ရက်နေ့တွင် အင်းစိန်ထောင်တွင်းမှ စစ်ခုံရုံးသို့ထုတ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနှင့် ထောင်၃နှစ်စီချမှတ်ခဲ့သည်။ မတရားထောင်ဒဏ်ချမှတ်ခံရသည့် လူငယ်နှစ်ဦးထဲမှ ကိုရန်နောင်ကြည်ဝင်းသည် ၂၀၂၁ခုနှစ်၊ ဧပြီလ၌ လက်နက်အက်ဥပဒေ ၁၉(စ)နှင့် ပထမအကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရပြီး ယခုအခါ ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခံရခြင်းဖြစ်သည်။