မြန်မာနိုင်ငံ၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ညွှန်းကိန်း စစ်တမ်း

မြန်မာနိုင်ငံ၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ညွှန်းကိန်းစစ်တမ်း (ဒီဇင်ဘာ၊ ၂၀၂၅။)

နိဒါန်း

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) သည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး၊ လူတစ်ဦးချင်း၏ အမြင်၊ အယူအဆနှင့် သတင်းအချက်အလက်များကို လွတ်လပ်စွာ ရယူပိုင်ခွင့်တို့ကို ထောက်ခံပေးသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်များကို စစ်တပ်က ပြင်းထန်စွာ ထိန်းချုပ်ကန့်သတ်လာခဲ့သည်။ တဦးချင်းစီ၏ ထင်မြင်ချက်နှင့် ယုံကြည်ချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခဲ့ကြသည့် သတင်းထောက်များ၊ အနုပညာရှင်များအပြင် သာမန် အရပ်သားပြည်သူများစွာတို့သည် စစ်တပ်၏ မတရားအရေးယူမှုကို ခံခဲ့ကြရသည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Freedom House ၏ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှု ညွှန်းကိန်း (၂၀၂၄) အရ မြန်မာနိုင်ငံသည် “မလွတ်လပ်သောနိုင်ငံ” တခုဖြစ်ပြီး အမှတ်ပြည့် (၁၀၀) တွင် အခြေခံလွတ်လပ်မှု ညွှန်းကိန်း (၇) သာရှိပြီး အင်တာနက် လွတ်လပ်မှု ညွှန်းကိန်းမှာ (၉) မှတ်သာ ရရှိထားသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) (RSF, 2023) ၏ သတင်းလွတ်လပ်မှု ညွှန်းကိန်းတွင် နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၇၃) တွင် ရှိသည်။

ဤစစ်တမ်းအတွက် မေးခွန်းပုံစံများကို ပြင်ဆင်ရာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် သမားရိုးကျထက် ကျော်လွန်သည့် ဒစ်ဂျစ်တယ် ကန့်သတ်ချက်များ၊ နေရပ်စွန့်ခွာရမှုများနှင့် မတူညီသော အုပ်ချုပ်ရေးစနစ်များအကြောင်းကို ထည့်သွင်းစဉ်းစားထားသည်။ စစ်တမ်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း ညွှန်းကိန်းနယ်ပယ် (Scope) ကို အဓိကအားဖြင့် (၁) အခြေခံ အခွင့်အရေးနှင့် ဘေးကင်းလုံခြုံမှု၊ (၂) ဒစ်ဂျစ်တယ်နှင့် အွန်လိုင်းနယ်ပယ်၊ (၃) သတင်းအချက်အလက် ရယူပိုင်ခွင့် နှင့် သတင်းမီဒီယာကဏ္ဍ နှင့် (၄) အင်တာနက်လွတ်လပ်ခွင့် ဟူ၍ အခန်းလေးခန်းဖြင့် သတ်မှတ်ထားပါသည်။ ယင်းနယ်ပယ်များသည် မြန်မာပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်နိုင်မှုအပေါ် လက်ရှိပဋိပက္ခက မည်သို့ သက်ရောက်နေသည်ကို ဘက်စုံရှုထောင့်မှ တိုင်းတာမည်ဖြစ်သည်။

စစ်တမ်း၏ ရည်ရွယ်ချက် 

​ဤစာတမ်းငယ်၏ ရည်ရွယ်ချက်မှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပဋိပက္ခများရင်ဆိုင်နေရသည့်  မြန်မာနိုင်ငံဒေသအသီးသီး၏ မတူညီသော အုပ်ချုပ်မှုစနစ်နှင့် အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုအောက်တွင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ သတင်းရယူခွင့်၊ သတင်းတင်ဆက်ခွင့်နှင့် မီဒီယာလွတ်လပ်မှုတို့၏ အခြေအနေကို လေ့လာ သုံးသပ်ရန် ဖြစ်သည်။ ဤစာတမ်း၏ တွေ့ရှိချက်များဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် အာဏာပိုင်များကို အသိပေးလှုံ့ဆော်နိုင်ရန်လည်း ရည်မှန်းထားသည်။​ ဤစစ်တမ်းကို  ၂၀၂၅ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကောက်ယူခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားမှ မတူညီသော အုပ်ချုပ်မှုစနစ်များတွင် နေထိုင်လျှက်ရှိသည့် သတင်းထောက်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူငယ်များနှင့် ပြည်သူများ အပါအဝင် စုစုပေါင်း (၁၃၄) ဦးက  ပါဝင်ဖြေဆိုထားသည်။

သုတေသန နည်းနာ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ညွှန်းကိန်းစစ်တမ်းကို အရေအတွက်ဆိုင်ရာ သုတေသနစနစ် (Quantitative Research) ဖြင့်ကောက်ယူထားပြီး KoBo Toolbox အွန်လိုင်း စစ်တမ်းဖောင်ကို အသုံးပြုထားသည်။​ အွန်လိုင်း စစ်တမ်းဖောင်ကို အသံ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမှ တဆင့်ဖြန့်ဝေခဲ့ပြီး နိုင်ငံအနှံ့မှ ဖြေဆိုသူများ ရရှိအောင် အဆင့်အဆင့် ပြန်ညွှန်းသော နည်းလမ်းကို အသုံးပြုခဲ့သည်။​

အွန်လိုင်းစစ်တမ်းဖောင် (Online Survey) တွင် မေးခွန်း ၃၅ ခုပါဝင်ပြီး မေးခွန်းအားလုံးကို ဖြေဆိုသူတဦးချင်းစီ၏ ကိုယ်ပိုင်စိတ်ခံစားမှုမှ စတင်၍ ပြင်ပမှ ထိန်းချုပ်မှုများအထိ အဆင့်ဆင့် ဖြေဆိုသွားနိုင်စေရန် စုစည်းထားသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ အုပ်ချုပ်ရေးအာဏာသည် တဦးတည်း၊ တနေရာတည်း၌ မတည်ရှိဘဲ ပိုင်းခြားမှုများရှိနေသည့်အတွက် ဤသုတေသနအတွက် ထိန်းချုပ် နယ်မြေများကို တရားဝင်အုပ်ချုပ်မှုအရ မသတ်မှတ်ဘဲ လက်တွေ့ကျသော အုပ်ချုပ်မှု အာဏာကို မူတည်၍ ကောက်ယူထားသည်။ ဤအစီရင်ခံစာတွင် စစ်တမ်းဖြေဆိုသူ နေထိုင်ရာဒေသ၌ လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးစနစ်ကို အဓိက တာဝန်ယူထိန်းချုပ်ထားသူကို မေးမြန်းထားခြင်းဖြင့် ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။

ထိန်းချုပ်နယ်မြေအလိုက် ခွဲခြမ်းစိတ်ဖြာရာတွင် ဖြေဆိုသူများသည် ၎င်းတို့၏ အုပ်ချုပ်သူအဖွဲ့အစည်းအပေါ် မေးခွန်း သုံးခုနှင့် ချဉ်းကပ်ခဲ့သည်။ (၁) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန် ကြိုးပမ်းမှု (Protection)၊ (၂) လက်တွေ့အားဖြင့် ကန့်သတ်ချုပ်ချယ်မှု (Restriction – In Practice) နှင့် (၃)  ဥပဒေဖြင့် ကန့်သတ်မှု (Restrict by Law – Formal Control) တို့ဖြစ်သည်။ ဤသုံးချက်ဖြင့် အဖွဲ့အစည်းအသီးသီး၏ မူဝါဒနှင့် လုပ်ဆောင်ချက် အကြား ကွာဟချက်ကို ထုတ်ဖော်နိုင်ရန် ကြိုးစားထားသည်။

စိန်ခေါ်မှုများ

ဤသုတေသနကို ပြုလုပ်ရာတွင် အဓိက ကြုံတွေ့ရသည့် စိန်ခေါ်မှုမှာ အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။​ အွန်လိုင်း စစ်တမ်းဖြစ်သည့်အတွက် ဖြေဆိုသူများသည် စစ်တမ်းဖောင်ကို ရယူနိုင် လောက်သည့် အင်တာနက်လိုင်းရှိရမည်ဖြစ်သည်။ ဆက်သွယ်ရေးလိုင်းများ လုံးဝပြတ်တောက်နေသည့် ပြည်နယ်များ ဥပမာ ရခိုင်ပြည်နယ်ဆိုလျှင် ဝင်ရောက်ဖြေဆိုနိုင်သူ တဦးသာရှိသည်။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် နေထိုင်နေကြသည့် ပါဝင်ဖြေဆိုသူများအတွက်မူ လုံခြုံရေးဆိုင်ရာ ပြဿနာများ ရင်ဆိုင်ရနိုင်သည့်အတွက် မိမိအိမ် (သို့မဟုတ်) လုံခြုံစိတ်ချရသော နေရာရောက်မှသာ စစ်တမ်းကို ဖြေဆိုရန် တိုက်တွန်းခဲ့ရသည်။

ဆက်ဖတ်ရန် > MM | ENG

Leave a Reply

Your email address will not be published. Required fields are marked *

You missed