ဆက်သွယ်ရေး အမှောင်ကျခြင်း

ဆက်သွယ်ရေး အမှောင်ကျခြင်း

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမြောက်ပိုင်း ပဋိပက္ခဒေသများကို ဆက်သွယ်ရေး ပြတ်တောက်မှုများဆိုင်ရာ လေ့လာချက်

၁။ သုတေသန အနှစ်ချုပ်

ဆက်သွယ်ရေး ဖြတ်တောက်ခံရခြင်းသည် ဖုန်းခေါ်ဆို၍မရခြင်းနှင့် အင်တာနက် အသုံးမပြုနိုင်ခြင်းထက် ပိုမိုကျယ်ပြန့်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်များ၊ ဆေးဘက်ဆိုင်ရာအကူအညီ၊ မိသားစုဝင်များ၏ ဘေးကင်းမှုနှင့် ရှောင်တိမ်းရမည့်လမ်းကြောင်းများကို မသိရှိနိုင်ခြင်းသည် ပဋိပက္ခဒဏ်ခံဒေသများရှိ ပြည်သူများ၏ နေ့စဉ်ဆုံးဖြတ်ချက်များအပြင် ၎င်းတို့၏ အသက်နှင့် ဘေးကင်းလုံခြုံရေးကိုပါ တိုက်ရိုက်သက်ရောက်စေသည်။

ဤအစီရင်ခံစာသည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမြောက်ပိုင်းရှိ အဓိကမြို့နယ် (၂၄) ခုမှ ဖြေဆိုသူ (၁၃၀) ဦး၏ စစ်တမ်းဖြေဆိုချက်များ၊ ဒေသခံပညာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးနှင့် သီးခြားတွေ့ဆုံမေးမြန်းချက်၊ ဖြစ်စဉ်လေ့လာချက်များနှင့် ပြင်ပအချက်အလက်များကို ပေါင်းစပ်အသုံးပြုထားသည်။ ယင်းအချက်အလက်များမှ တစ်ဆင့် ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် ဒေသများရှိ ပြည်သူများက သတင်းအချက်အလက်ကို မည်သို့ရယူနေကြသည်၊ မည်သည့်အန္တရာယ်များကို ကြုံတွေ့နေရသည်နှင့် မည်သူများ ပိုမိုချန်ထားခံနေရသည်ကို လေ့လာထားသည်။

ဖြေဆိုသူများ၏ (၉၂.၃) ရာခိုင်နှုန်းသည် ပုံမှန်ဆက်သွယ်ရေးကွန်ရက်ကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် အချို့ရပ်ရွာများက ICOM စကားပြောစက်များ၊ ဂြိုဟ်တုအင်တာနက်၊ အသံချဲ့စက်များနှင့် လူအချင်းချင်း သတင်းဆင့်ကဲပေးပို့သည့် ကွန်ရက်များကို အစားထိုး တည်ဆောက်အသုံးပြုနေကြသည်။ သို့သော် ယင်းနည်းလမ်းများကို လူတိုင်း လက်လှမ်းမမီနိုင်သည့်အပြင် အမြဲတမ်းတည်ငြိမ်စွာ အသုံးပြုနိုင်ခြင်းလည်း မရှိပေ။ မြန်မာစစ်တပ်၏ တိုက်ခိုက်မှုနှင့် ကန့်သတ်မှုများ၊ အချို့ဒေသများတွင် တော်လှန်ရေးအင်အားစုများက အသုံးပြုခွင့်ကို ထိန်းချုပ်ထားခြင်း၊ ဝန်ဆောင်မှုပေးသူများ၏ ဆုံးဖြတ်ချက်များနှင့် ဒေသတွင်းလုံခြုံရေးအခြေအနေများကြောင့် ယင်းအစားထိုးဆက်သွယ်ရေးနည်းလမ်းများသည်လည်း ထပ်မံပြတ်တောက်ခြင်း သို့မဟုတ် အသုံးမပြုနိုင်ခြင်းတို့ကို
ကြုံတွေ့နိုင်သည်။

အရေးပေါ်သတိပေးချက်များကို အချိန်မီရရှိကြောင်း ဖြေဆိုသူမှာ ထက်ဝက်အောက်သာရှိသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုရရှိရန် အချို့ပြည်သူများက ငွေကြေးပိုမိုသုံးစွဲရခြင်း၊ နာရီပေါင်းများစွာ ခရီးသွားရခြင်းနှင့် စစ်ဆေးရေးဂိတ်များ သို့မဟုတ် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအနီးကို ဖြတ်သန်းရခြင်းတို့ကို ကြုံတွေ့နေရသည်။ ထို့ကြောင့် ဆက်သွယ်ရေးဖြတ်တောက်မှုနှင့် အစားထိုးနည်းလမ်းများ၏ မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်နှင့် အန္တရာယ်များကို အရပ်သားပြည်သူများက အချိန်၊ ငွေကြေးနှင့် ကိုယ်ရေးလုံခြုံမှုတို့ဖြင့် ပေးဆပ်နေရသည်။

ဆက်သွယ်ရေးဖြတ်တောက်မှုသည် သတင်းအချက်အလက်ရရှိမှုကိုသာ ကန့်သတ်ခြင်းမဟုတ်ဘဲ သတင်းများကို စိစစ်အတည်ပြုနိုင်မှု၊ ထိခိုက်သေဆုံးမှုများကို မှတ်တမ်းတင်နိုင်မှု၊ အကူအညီလိုအပ်ကြောင်း ပြင်ပသို့ အသိပေးနိုင်မှုနှင့် လိုအပ်သောအကူအညီများ ရယူနိုင်မှုတို့ကိုပါ အားနည်းစေသည်။ ထို့ကြောင့် ဆက်သွယ်ရေးရှိသူနှင့် မရှိသူကြား ကွာဟမှုသည် သတင်းသိရှိမှုကွာဟချက်တစ်ခုသာမဟုတ်ဘဲ လုံခြုံရေး၊ ကျန်းမာရေးနှင့် အသက်ရှင်ရပ်တည်နိုင်ရေးဆိုင်ရာ ကွာဟချက်တစ်ခု ဖြစ်လာသည်။

ဖြေဆိုသူများက အရေးပေါ်ဆက်သွယ်ရေးအတွက် ICOM စကားပြောစက်များနှင့် ဂြိုဟ်တုအင်တာနက်ကို အဓိကလိုအပ်ချက်များအဖြစ် ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ဤအစီရင်ခံစာသည် ဆက်သွယ်ရေးလုံးဝမရှိသည့် ရပ်ရွာများကို ဦးစားပေးပံ့ပိုးရန်နှင့် ဒေသခံများ အသုံးပြုနေသည့် အစားထိုးဆက်သွယ်ရေးကွန်ရက်များကို ပိုမိုလုံခြုံ၍ လူတိုင်းလက်လှမ်းမီနိုင်သည့် စနစ်များအဖြစ်ချဲ့ထွင်ရန် အကြံပြုထားသည်။ ယင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများ၊ မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။

၂။ နောက်ခံအကြောင်းအရာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ရရှိနိုင်ရေးသည် မြန်မာပြည်သူများ၏ ဘေးကင်းလုံခြုံရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် သက်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ်အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းတွင် စစ်အာဏာပိုင်များသည် မိုဘိုင်းဒေတာနှင့် တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများ ဖြတ်တောက်ခြင်း၊ လူမှုကွန်ရက်များနှင့် သတင်းဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်း၊ Virtual Private Network (VPN) များနှင့် အခြားသော အွန်လိုင်းဆက်သွယ်ရေးနည်းလမ်းများ ကန့်သတ်ခြင်းတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်သော်လည်းကောင်း၊ ဒေသ
အလိုက်သော်လည်းကောင်း ပြုလုပ်ခဲ့သည်။ ယင်းလုပ်ဆောင်ချက်များသည် စစ်တပ်၏ မဟာဗျူဟာကျ ဆက်သွယ်ရေးဖြတ်တောက်မှု၊ သတင်းအချက်အလက် ဆင်ဆာဖြတ်တောက်မှု၊ စောင့်ကြည့်ထောက်လှမ်းမှုနှင့် အင်တာနက်ကန့်သတ်ချက်များကို အသုံးပြုသူများက ကျော်လွှားရန် အသုံးပြုသည့် နည်းလမ်းများအား ပိတ်ပင်ခြင်းတို့ ပါဝင်သော ဒစ်ဂျစ်တယ်ဖိနှိပ်မှုစနစ်တစ်ခုအဖြစ် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ခြင်း၊ အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်းနှင့် စောင့်ကြည့်ထောက်လှမ်းခြင်းတို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့သည် တောက်လျှောက်ကန့်သတ်ခံခဲ့ရသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာဒေသများကို မြန်မာစစ်တပ်က ဆက်သွယ်ရေးကန့်သတ်မှု၊ ဖြတ်တောက်မှုများ ပိုမို ပစ်မှတ်ထား ပြုလုပ်လေ့ရှိသည်။ Access Now အဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးဖြတ်တောက်မှု (၈၅) ကြိမ်ကို အတည်ပြုမှတ်တမ်းတင်ခဲ့ပြီး ယင်းအရေအတွက်သည် ထိုနှစ်အတွင်း ကမ္ဘာပေါ်ရှိ ဆက်သွယ်ရေးဖြတ်တောက်ခံရသည့် နိုင်ငံများအနက် အများဆုံးဖြစ်သည်။ မှတ်တမ်းတင်ထားသည့် ဖြစ်စဉ်များအနက် (၇၄) ကြိမ်မှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဓိကဆက်သွယ်ရေးဖြတ်တောက်မှု ကျူးလွန်သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဆက်သွယ်ရေးဖြတ်တောက်မှု (၃၁) ကြိမ်သည် မှတ်တမ်းတင်ထားသော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တစ်ချိန်တည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြုလုပ်ခဲ့သော ဖြတ်တောက်မှုများအနက် အနည်းဆုံး (၁၇) ကြိမ်သည် အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများအပေါ် ပစ်မှတ်ထားကျူးလွန်ခသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်စပ်နေသည်။ ထို့ပြင် ပုံမှန်ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်ချိန်တွင် အစားထိုး အသုံးပြုလာကြသည့် Starlink နှင့် IPSTAR ကဲ့သို့သော ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများကို ကန့်သတ်သည့် ဖြစ်စဉ်များကိုလည်း ၂၀၂၄ ခုနှစ်အတွင်း မှတ်တမ်းတင်ထားသည်။2

အသံအဖွဲ့၏ စောင့်ကြည့်မှတ်တမ်းတင်မှုများအရ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကန့်သတ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြတ်တောက်ခြင်း၊ သီးခြားဒေသ သို့မဟုတ် မြို့နယ်တစ်ခုချင်းစီအလိုက် ပစ်မှတ်ထား ဖြတ်တောက်ခြင်းနှင့် အချိန်ကာလအလိုက် ဖြတ်တောက်ခြင်းဟူ၍ ပုံစံ (၃)မျိုး တွေ့ရှိရသည်။3 ယင်းကန့်သတ်မှုများသည် ဆက်သွယ်ရေးလိုင်းများကို တိုက်ရိုက်ဖြတ်တောက်ခြင်း တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအပေါ် ကန့်သတ်ချက်များချမှတ်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းခြင်း၊ အွန်လိုင်းပလက်ဖောင်းများနှင့် ကန့်သတ်ချက်ကျော်လွှားသည့် နည်းပညာများကို ပိတ်ပင်ခြင်း၊ လုံခြုံရေးအခြေအနေကြောင့်
ပျက်စီးနေသော ကွန်ရက်များကို နည်းပညာအားဖြင့် ပြုပြင်နိုင်ခြင်းမရှိခြင်းတို့နှင့်လည်း ဆက်စပ်နေသည်။ ထို့ကြောင့် ရပ်ရွာများသည် ဆက်သွယ်ရေး လုံးဝပြတ်တောက်ခြင်း၊ ရံဖန်ရံခါသာ အသုံးပြုနိုင်ခြင်း၊ လိုင်းအားနည်းခြင်း၊ လုံခြုံမှုမရှိသည့်အပြင် ကုန်ကျစရိတ်မြင့်မားပြီး အန္တရာယ်ရှိနိုင်သည့် အစားထိုးနည်းလမ်းများကိုသာ အားထားရခြင်းတို့ နှင့် ကြုံတွေ့နေရသည်။ ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခံထားရသည့် ဒေသများတွင် ပြည်သူများသည် Starlink နှင့် အခြားဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုများအပါအဝင် အစားထိုးဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြုလာကြသော်လည်း ယင်းဝန်ဆောင်မှုများသည် ကုန်ကျစရိတ်၊ လုံခြုံရေးနှင့် လက်လှမ်းမီနိုင်မှုဆိုင်ရာ အကန့်အသတ်များ ရှိနေသည်။

ယင်းကန့်သတ်မှုများ၏ သက်ရောက်မှုသည် ပုံမှန်တယ်လီဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ဆုံးရှုံးရခြင်းထက် ပိုမိုကျယ်ပြန့်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ လေ့လာသုံးသပ်ချက်အရ ဆက်သွယ်ရေးဖြတ်တောက်မှုများသည် ပြည်သူများအချင်းချင်း ဆက်သွယ်ခြင်းနှင့် အကူအညီတောင်းခံခြင်းကို ခက်ခဲစေသည့်အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီပေးရေးလုပ်ငန်းများနှင့် သတင်းမီဒီယာများ၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများထံ သတင်းအချက်အလက်ရောက်ရှိမှုကိုလည်းအဟန့်အတားဖြစ်စေသည်။ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အခြေအနေများတွင် ဆက်သွယ်ရေးပြတ်တောက်မှုသည် အကြမ်းဖက်မှုနှင့် လုံခြုံရေးအန္တရာယ်များ ပိုမိုဆိုးရွားလာစေနိုင်ပြီး ကျန်းမာရေး၊ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း
မှုအပါအဝင် အခြားအခွင့်အရေးများကိုပါ ထိခိုက်စေနိုင်သည်။4 ယင်းအခြေအနေကို အခြေခံ၍ ဤသုတေသနတွင် ဆက်သွယ်ရေး ပြတ်တောက်မှုများသည် လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှုဆိုင်ရာ ကြိုတင်သတိပေးချက်များရရှိမှု၊ လမ်းကြောင်းဘေးကင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်ရရှိမှု၊ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်မှု၊ ဆေးဘက်ဆိုင်ရာနှင့် အရေးပေါ်အကူအညီရယူနိုင်မှု၊ နေရပ်တွင် ဆက်လက်နေထိုင်ရန် သို့မဟုတ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်မှုတို့အပေါ် မည်သို့သက်ရောက်နေသည်ကို လေ့လာထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြောက်ပိုင်းတို့တွင် ယင်းအန္တရာယ်များသည် အထူးပြင်းထန်လျက်ရှိသည်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ ၂၀၂၅ ခုနှစ် မတ်လ အစီရင်ခံစာအရ ချင်း၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတို့ပါဝင်သည့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ မိုင်းတိုက်ခိုက်မှုများ၊ စီးနင်းမှုများနှင့် မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ယင်းဒေသသည် ပြည်တွင်းနေရပ်စွန့်ခွာမှု အများဆုံးဖြစ်ပေါ်နေသည့် ဒေသများအနက် တစ်ခုဖြစ်သည်။ ထို့ပြင် OHCHR ၏ ၂၀၂၄ ခုနှစ်ဆိုင်ရာ အစီရင်ခံစာတွင်လည်း စစ်ကိုင်းနှင့် မန္တလေးတို့ကို ပဋိပက္ခကြောင့် ထိခိုက်မှုအများဆုံးဒေသများတွင် ထည့်သွင်းဖော်ပြထားသည်။5 ၂၀၂၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူစုစုပေါင်း၏ ထက်ဝက်ခန့်သည် အနောက်မြောက်ပိုင်းဒေသတွင် ရှိနေကြောင်း ကုလသမဂ္ဂက ဖော်ပြခဲ့သည်။ ထို့အပြင် မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရပြီး ဆက်သွယ်ရေးကန့်သတ်မှုများကြောင့် လူဦးရေရွှေပြောင်းမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို အတည်ပြုရန် ခက်ခဲခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံအလယ်ပိုင်း ငလျင်ကြီးအပြီးတွင် ဆက်သွယ်ရေးစနစ်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပါမှုသည် ပိုမိုထင်ရှားလာခဲ့သည်။ အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အဆောက်အအုံနှင့် အခြေခံအဆောက်အအုံများ အကြီးအကျယ်ပျက်စီးခဲ့သည်။ ယင်းဒေသများသည် ငလျင်မတိုင်မီကတည်းက ပဋိပက္ခ၊ နေရပ်စွန့်ခွာမှုနှင့် အခြေခံဝန်ဆောင်မှုများ အားနည်းမှုတို့ကို ကြုံတွေ့နေရပြီးဖြစ်သည်။ လမ်းများပိတ်ဆို့နေခြင်းနှင့် ဆက်သွယ်ရေး ပြတ်တောက်နေခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှု၊ နေရပ်စွန့်ခွာမှုနှင့် အရေးပေါ်အကူအညီ လိုအပ်ချက်တို့၏ အတိုင်းအတာကို ကနဦးအဆင့်တွင် သိရှိအတည်ပြုရန် ခက်ခဲခဲ့သည်။ ဤဖြစ်ရပ်က ဆက်သွယ်ရေး ပြတ်တောက်မှု၏ သက်ရောက်မှုသည် လက်နက်ကိုင်ပဋိပက္ခအခြေအနေတစ်ခုတည်းနှင့်သာ မသက်ဆိုင်ဘဲ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားချိန်တွင်လည်း ကြိုတင်သတိပေးခြင်း၊ မိသားစုဝင်များကို ရှာဖွေဆက်သွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် အကူအညီရယူခြင်းတို့ကို ထိခိုက်စေနိုင်ကြောင်း ပြသခဲ့သည်။

ဆက်သွယ်ရေးပြတ်တောက်နေချ ိန်တွင် သတင်းအချက်အလက်များရယူရန်နှင့် ပြန်လည်မျှဝေရန် ရပ်ရွာများက အစားထိုးနည်းလမ်း အမျိုးမျိုးကို ဖော်ထုတ်အသုံးပြုလာကြသည်။ ယင်းတို့တွင် Starlink နှင့် အခြားဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများ၊ စကားပြောစက်များ၊ ရပ်ရွာအဆင့် ကြိုတင်သတိပေးကွန်ရက်များ၊ အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ၊ ယုံကြည်ရသော ဒေသခံခေါင်းဆောင်များ၊ တစ်ဦးနှင့်တစ်ဦး သတင်းပေးပို့ခြင်းနှင့် ဆက်သွယ်ရေးလိုင်းရရှိသည့် နေရာများသို့ သွားရောက်ခြင်းတို့ ပါဝင်သည်။ သို့သော် ယင်းအစားထိုးနည်းလမ်းများကို လူတိုင်း တန်းတူညီမျှစွာ အသုံးပြုနိုင်ခြင်းမရှိပေ။ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုများ
သည် ကုန်ကျစရိတ်မြင့်မားနိုင်ခြင်း၊ လူအများနှင့် မျှဝေအသုံးပြုရခြင်း၊ သွားရောက်အသုံးပြုရန် ခက်ခဲခြင်းနှင့် ပိတ်ပင်ခြင်း သို့မဟုတ် ပစ္စည်းသိမ်းဆည်းခြင်းခံရနိုင်သည့် အန္တရာယ်တို့ ရှိသည်။ ဆက်သွယ်ရေးလိုင်းရရှိသည့် နေရာများသို့ သွားရောက်ရာတွင်လည်း စစ်ဆေးရေးဂိတ်များ၊ လက်နက်ကိုင်တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းများနှင့် အခြားလုံခြုံရေးအန္တရာယ်များကို ကြုံတွေ့နိုင်သည်။ အလွတ်သဘောကွန်ရက်များမှတစ်ဆင့် မျှဝေသော သတင်းအချက်အလက်များသည်လည်း နောက်ကျပြီးရောက်ရှိခြင်း၊ မပြည့်စုံခြင်း သို့မဟုတ် မှန်ကန်ကြောင်းအတည်ပြုရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။

သို့သော် Starlink ဂြိုလ်တုအင်တာနက်ကို အစားထိုးဆက်သွယ်ရေး နည်းလမ်းအဖြစ် အားထားရခြင်းသည် SpaceX ၏ မူဝါဒနှင့် ဆုံးဖြတ်ချက်များအပေါ် ဒေသခံ အဖွဲ့အစည်းများကို မှီခိုစေပြီး၊ ယင်းအချက်သည် ၎င်း ဒေသခံ မြန်မာအဖွဲ့အစည်းများ၏ထိန်းချုပ်မှုအပြင်ဘက်တွင် ရှိသည်။ မြန်မာနိုင်ငံ၏ ပဋိပက္ခဒေသများတွင် ကြီးစိုးထားသည့် ဆိုင်ဘာလိမ်လည်မှုလုပ်ငန်းများကို တားဆီးရန်အတွက် SpaceX က Starlink စက်များအား ပိတ်သိမ်းရာတွင် အရပ်သားများ အသုံးပြုနေသည့် ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများပါ ကျယ်ကျယ်ပြန့်ပြန့် ဖြတ်တောက်ခံရနိုင်ပြီး ယင်းသည် စစ်တပ်က အင်တာနက်ဖြတ်တောက်ထားသည့် ဒေသများ၏ အရေးကြီး ဆက်သွယ်ရေးလမ်းကြောင်းကို ထိခိုက်နိုင်ကြောင်း စိုးရိမ်သည်ဟု မြန်မာ့ အရပ်ဘက်လူမှုအဖွဲ့အစည်း (၃၁၇)ဖွဲ့က ထုတ်ပြန်ထားသည်။8

အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ဝေခဲ့ပြီးဖြစ်သည့် အစီရင်ခံစာများနှင့် စောင့်ကြည့်လေ့လာမှုများတွင် ဆက်သွယ်ရေးဖြတ်တောက်မှုများ ဖြစ်ပွားသည့်အကြိမ်ရေ၊ နေရာနှင့် ကြာမြင့်ချိန်တို့အပြင် ယင်းဖြစ်စဉ်များ၏ ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို အဓိကထားမှတ်တမ်းတင်ထားကြသည်။ ယင်းမှတ်တမ်းများသည် ဆက်သွယ်ရေးကန့်သတ်မှု၏ အတိုင်းအတာကို နားလည်ရန် အရေးကြီးသော်လည်း ထိခိုက်ခံစားရသည့် ရပ်ရွာများအတွင်း နေ့စဉ်သတင်းအချက်အလက်ရရှိပုံနှင့် လက်တွေ့အသုံးပြုနေသည့် အစားထိုးဆက်သွယ်ရေးနည်းလမ်းများကို နက်နက်ရှိုင်းရှိုင်း နားလည်ရန် ထပ်မံလေ့လာရန် လိုအပ်နေသည်။ အထူးသဖြင့် ဆက်သွယ်ရေး ပြတ်တောက်ချ ိန်တွင် အသုံးပြုနိုင်သည့် သတင်းအချက်အလက်လမ်းကြောင်းများ၊ ယင်းလမ်းကြောင်းများကို စီမံပေးနေသူများ၊ အသုံးပြုမှုကုန်ကျစရိတ်၊ အရေးပေါ်သတိပေးချက်များ ရောက်ရှိသည့် အမြန်နှုန်း၊ သတင်းအချက်အလက်အတည်ပြုသည့် နည်းလမ်းများနှင့် သတင်းအချက်အလက်ရယူရာတွင် အခက်အခဲအများဆုံးကြုံတွေ့ရသည့် လူအုပ်စုများကို စနစ်တကျဆန်းစစ်ရန် လိုအပ်သည်။

ဤသုတေသနသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းရှိ ပဋိပက္ခဒဏ်ခံနေရသော မြို့နယ်များတွင် သတင်းအချက်အလက် ရယူနိုင်မှုအခြေအနေကို လေ့လာခြင်းဖြင့် ယင်းအထောက်အထားကွာဟချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်သည်။ ဤလေ့လာမှုတွင် ဆက်သွယ်ရေးဖြတ်တောက်မှုကို ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုတစ်ခုအဖြစ်သာမက အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံမှု၊ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်မှု၊ အခြေခံနှင့် အရေးပေါ်ဝန်ဆောင်မှုများ ရယူနိုင်မှုနှင့် ရပ်ရွာ၏ ရင်ဆိုင်ကျော်လွှားနိုင်စွမ်းတို့အပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ်ပါ သုံးသပ်ထားသည်။ ဆက်သွယ်ရေးပြတ်တောက်မှု၏ သက်ရောက်မှုများနှင့် ယင်းအခြေအနေကို ရပ်ရွာများ မည်သို့ရင်ဆိုင်ဖြေရှင်းနေကြသည်ကို မှတ်တမ်းတင်ခြင်းအားဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အစီအစဉ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းများ၊ ရပ်ရွာအခြေပြု ကြိုတင်သတိပေးစနစ်များနှင့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများအတွက် အသုံးဝင်သောအထောက်အထားများ ပံ့ပိုးပေးရန် ရည်ရွယ်သည်။

၃။ သုတေသနနည်းနာနှင့် ကန့်သတ်ချက်များ

ဤသုတေသနသည် အရေအတွက်နှင့် အရည်အသွေးအခြေပြု နည်းလမ်းများကို ပေါင်းစပ် အသုံးပြုထားသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃၀) ရက်မှ စက်တင်ဘာလ (၁၂) ရက်အတွင်း စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း မြောက်ပိုင်းရှိ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသော မြို့နယ် (၂၄) ခုမှ ဖြေဆိုသူ (၁၃၀) ဦးကို မေးခွန်း (၄၃) ခုပါဝင်သည့် မေးခွန်းလွှာဖြင့် စစ်တမ်းကောက်ယူခဲ့သည်။ ဒေသအခြေအနေနှင့် ရင်းနှီးသော အချက်အလက်ကောက်ယူသူ (၃) ဦးက လူကိုယ်တိုင်၊ တယ်လီဖုန်း၊ အင်တာနက်နှင့် ယုံကြည်ရသော ဒေသခံဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့် အချက်အလက်များကို ကောက်ယူခဲ့သည်။

စစ်တမ်းဖြေဆိုချက်များအပြင် ဆက်သွယ်ရေးဖြတ်တောက်မှု၊ ICOM စကားပြောစက်နှင့် Starlink အသုံးပြုမှု၊ ရပ်ရွာသတိပေးကွန်ရက်များနှင့် ဒေသခံများ၏ လက်တွေ့အတွေ့အကြုံများကို ပိုမိုနားလည်နိုင်ရန် ဒေသခံပညာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကို အဓိကသတင်းပေးသူအဖြစ် သီးခြားတွေ့ဆုံမေးမြန်းခဲ့သည်။ အပိတ်မေးခွန်းများကို အရေအတွက်နှင့် ရာခိုင်နှုန်းများဖြင့်ဆန်းစစ်ပြီး အဖွင့်မေးခွန်းများနှင့် တွေ့ဆုံမေးမြန်းချက်ကို အကြောင်းအရာအလိုက် ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ပါဝင်သူများ၏ သဘောတူညီချက်ကို ရယူခဲ့ပြီး တိုက်ရိုက်ဖော်ထုတ်နိုင်သည့် ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးအရ မှတ်တမ်းမတင်ခဲ့ပါ။

မြို့နယ်နှင့် ဖြေဆိုသူများကို ကျပန်းရွေးချယ်ထားခြင်းမဟုတ်သဖြင့် တွေ့ရှိချက်များကို ဒေသရှိပြည်သူအားလုံး၏ အခြေအနေအဖြစ် ယေဘုယျကောက်ချက်ချ၍ မရနိုင်ပါ။ ထို့ပြင် ဆက်သွယ်ရေးအခြေအနေ အဆိုးရွားဆုံးဒေသများသို့ လက်လှမ်းမီရန်ခက်ခဲခြင်း၊ ကိုယ်တိုင်ပြန်လည်ဖော်ပြသည့် အချက်အလက်များအပေါ် အခြေခံရခြင်းနှင့် ပဋိပက္ခအခြေအနေ လျင်မြန်စွာပြောင်းလဲနေခြင်းတို့သည် ဤသုတေသန၏ အဓိကကန့်သတ်ချက်များဖြစ်သည်။

၄။ သုတေသန တွေ့ရှိချက်များ

၄.၁ ဆက်သွယ်ရေးဖြတ်တောက်မှုများ အောက်မှလက်တွေ့ဘဝများ

၄.၁.၁. ဖြေဆိုသူများ၏ နောက်ခံ အချက်အလက် နှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ မှတ်ချက်များ

ဤသုတေသနအတွက် စစ်တမ်းအချက်အလက်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့မှ စက်တင်ဘာလ (၁၂) ရက်နေ့အတွင်း ဒေသခံအချက်အလက်ကောက်ယူသူ (၃)ဦးက အချက်အလက်များကောက်ယူခဲ့သည်။ စစ်တမ်းကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့အကြား ဆက်စပ်တည်ရှိသော ပဋိပက္ခဒဏ်ခံဒေသများတွင် ဆောင်ရွက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် (၂၁) ခုနှင့် မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းရှိ မြို့နယ် (၃) ခုကို အဓိကလွှမ်းခြုံထားသည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ ဖြေဆိုသူ(၁)ဦးနှင့် လုံခြုံရေးအရ မြို့နယ် အမည်မဖော်ပြထားသော ဖြေဆိုသူ(၂)ဦး၏ ဖြေဆိုချက်များလည်း ပါဝင်သည်။ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ ယုံကြည်ရသော ဒေသခံကွန်ရက်များမှတစ်ဆင့်ဖြစ်စေ ကောက်ယူခဲ့ပြီး စုစုပေါင်း ဖြေဆိုသူ (၁၃၀) ဦးထံမှ အချက်အလက်များရရှိခဲ့သည်။ ဖြေဆိုသူများကကိုယ်တိုင်ဖော်ပြထားသည့်လိင်အမျိုးအစားအလိုက်ပါဝင်ရာခိုင်နှုန်းကိုဇယား
(၄.၁)တွင်လည်းကောင်း၊အသက်အရွယ်အလိုက်ပါဝင်မှုကိုဇယား(၄.၂)တွင်လည်းကောင်း အသီးသီး ဖော်ပြထားသည်

Download PDF:

Leave a Reply

Your email address will not be published. Required fields are marked *