“တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု”
သုတေသန အနှစ်ချုပ်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု (၅) နှစ်ကျော်ကြာပြီးနောက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံဒေသအများအပြားကို ထိန်းချုပ်လာနိုင်ကြသည်။ ၎င်းတို့ရရှိထားသည့် စိုးမိုးနယ်မြေများအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့် အများပြည်သူဝန်ဆောင်မှုများကိုပါ တာဝန်ယူ ဆောင်ရွက်နေကြသည်။ ဤသုတေသနသည် အဆိုပါ စိုးမိုးနယ်မြေများအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မည်မျှရှိနေသည်၊ ဝေဖန်သူများ၊ သတင်းသမားများနှင့် လူ့ရပိုင်ခွင့်ချိုးဖောက်မှုများကို မှတ်တမ်းတင်သူများသည် မည်သို့သောအခက်အခဲများ ရင်ဆိုင်နေရသည်နှင့် အာဏာပိုင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု အခြေအနေ မည်သို့ရှိသည်ကို လေ့လာထားခြင်း ဖြစ်သည်။ ဤသုတေသနကို အင်တာဗျူးဖြေဆိုသူ ၆ ဦးနှင့် ဖြစ်စဉ်လေ့လာချက် ၄ ခုအပေါ် အခြေခံထားသဖြင့် တော်လှန်ရေးနယ်မြေအားလုံးအတွက် ယေဘုယျကောက်ချက်ချခြင်း မဟုတ်ဘဲ လေ့လာခဲ့သည့် ဖြစ်စဉ်များတွင် ထပ်ခါတလဲလဲ တွေ့ရသည့် ပုံစံများကို ဖော်ထုတ်ရန် ရည်ရွယ်သည်။
သုတေသန နည်းလမ်း
ဤသုတေသနတွင် အရည်အသွေးဦးစားပေး သုတေသန (Qualitative Research) နည်းလမ်းကို အသုံးပြုထားသည်။ သတင်းမီဒီယာသမား ၂ ဦး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လေ့လာသုံးသပ်သူ ၁ ဦး၊ တက်ကြွလှုပ်ရှားသူ ၁ ဦးနှင့် အုပ်ချုပ်ရေးဘက်မှ ပါဝင်သူ ၂ ဦး စုစုပေါင်း ၆ ဦး (ကျား ၃ ဦး၊ မ ၃ ဦး) ကို Zoom နှင့် Signal မှ တဆင့် လုံခြုံစွာ မေးမြန်းခဲ့သည်။ ရရှိလာသော အချက်အလက်များကို ဒေသ အာဏာပိုင်များ၏ မူဝါဒများ၊ ထုတ်ပြန်ချက်များနှင့် သတင်းဖော်ပြချက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ထို့အပြင် ဖြစ်စဉ်လေ့လာချက် (၄) ခုကို အသေးစိတ် လေ့လာခဲ့သည်။
- ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ ရှားပါမြေသတ္တုတူးဖော်ရေးကို ကန့်ကွက်သည့် ဒေသခံများအား KIA က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖြစ်စဉ် (၂၀၂၄)။
- စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် တပ်ရင်းမှုးကကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ကျား-မ အခြေပြုအကြမ်းဖက်မှုကို ထုတ်ဖော်ပြောဆိုခဲ့သော ရဲမေတဦးကို ဖမ်းဆီးခဲ့သည့်ဖြစ်စဉ် (၂၀၂၅)။
- မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် Starlink အင်တာနက် အသုံးပြုခွင့်ကိုကန့်သတ်ပြီး ဒဏ်ငွေချမှတ်ခဲ့သည့် ဖြစ်စဉ် (၂၀၂၅)။
- ကချင်၊ ရခိုင်နှင့် မန္တလေးဒေသများတွင် လက်နက်ကိုင်အဖွဲ့များက သတင်းထောက်များကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ။
အဓိက တွေ့ရှိချက်များ
(၁) ဖိနှိပ်မှု ပုံစံနှစ်မျိုး
ဝေဖန်မှုများကို တုံ့ပြန်ရာတွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များက နည်းလမ်းနှစ်မျိုးလုံးကို သုံးနေကြသည်။ ပထမတမျိုးမှာ အုပ်ချုပ်ရေးယန္တရားမှတဆင့် ပြုလုပ်သော ဖိနှိပ်မှုဖြစ်ပြီး အမိန့်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်ခြင်းနှင့် သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ခြင်းတို့ ပါဝင်သည်။ ဒုတိယတမျိုးမှာ ယန္တရားပြင်ပမှပြုလုပ်သော ဖိနှိပ်မှုဖြစ်ပြီး ခြိမ်းခြောက်ခြင်း၊ အွန်လိုင်းပေါ်တွင်တိုက်ခိုက်ခြင်း၊ ကိုယ်ရေးအချက်အလက်ဖော်ထုတ်ခြင်းနှင့် ဒလန်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်ရသည့် လူမှုရေးဖိအားတို့ ပါဝင်သည်။ အင်တာဗျူးတွင်ပါဝင်ထားသည့် သတင်းသမားသည် ထိန်းသိမ်းခံရစဉ် ရိုက်နှက်ခြင်း၊ မျက်နှာဖုံးအုပ် ချုပ်နှောင်ခြင်းကဲ့သို့ပြင်းထန်သော ညှဉ်းပန်းမှုများကိုပါ ကြုံတွေ့ခဲ့ရသည်။
(၂) အကြောင်းပြချက်များ
ဝေဖန်မှုများကိုပိတ်ပင်ရာတွင် တော်လှန်ရေးကို ထိခိုက်စေသည်၊ ရန်သူကို အကျိုးပြုသည်၊ စစ်ရေးလုံခြုံရေးစသည့် အကြောင်းပြချက်များကို အများဆုံး သုံးကြသည်။ ဤအကြောင်းပြချက်များသည် ဝေဖန်ချက်၏ အချက်အလက်မှန်ကန်မှုကို မစိစစ်ဘဲ ပြောဆိုသူကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။
(၃) တာဝန်ခံမှု အားနည်းခြင်း
စိုးမိုးနယ်မြေအများစုတွင် ဒေသခံများတိုင်ကြားနိုင်မည့် ရှင်းလင်းသော ယန္တရား မရှိသေးပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တွင် တိုင်ကြားစာလက်ခံသည့် ကော်မတီရှိသော်လည်း မြေပြင်ရှိဒေသခံများထံ မရောက်ရှိသေးပါ။ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူအများစုသည် ပြည်သူရွေးချယ်ထားသူများ မဟုတ်ဘဲ အထက်မှ ခန့်အပ်ထားသူများ ဖြစ်သောကြောင့် ပြည်သူ့အပေါ် တာဝန်ခံရမည့် ခံယူချက် အားနည်းနေသည်။
(၄) သယံဇာတ စီမံခန့်ခွဲမှု
သတ္တုတူးဖော်ရေး၊ အခွန်ကောက်ခံရေးနှင့် ဝင်ငွေအသုံးချမှုအပေါ် ပွင့်လင်းမြင်သာမှုရရှိရန် တောင်းဆိုသူများသည် ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို အဓိက ရင်ဆိုင်နေရသည်။ စစ်ရေးအတွက် ငွေကြေးလိုအပ်ချက်က ဒေသခံများ၏ အသံထက် ဦးစားပေးခံနေရသည်။
(၅) ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်
လုံခြုံရေးကို အကြောင်းပြ၍ Starlink အသုံးပြုခွင့်ကို ကန့်သတ်ခြင်း၊ သုံးစွဲသူ စာရင်းပေးသွင်းခိုင်းခြင်းနှင့် ကျပ်သိန်း ၂၀ အထိ ဒဏ်ငွေ ချမှတ်ခြင်းတို့ရှိနေသည်။ ယင်းသည် ဒေသခံများ၏ သတင်းရယူခွင့်ကိုသာမက စစ်ဘေးရှောင်ရာတွင် လိုအပ်သော ဘေးကင်းလုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကိုပါ ထိခိုက်စေသည်။ ထို့အပြင် စစ်တပ်၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထိန်းချုပ်မှုပုံစံနှင့် ဆင်တူနေသည်ကို တွေ့ရသည်။
အဓိက အကြံပြုချက်များ…
- တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသအုပ်ချုပ်ရေးဝန်ထမ်းများအတွက် လူ့ရပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို မဖြစ်မနေ ထည့်သွင်းသင်ကြားရန်။
- ဒေသခံများအနေဖြင့် လျှို့ ဝှက်လုံခြုံစွာ တိုင်ကြားနိုင်မည့်ယန္တရားများ ထူထောင်ရန်နှင့် ကျူးလွန်သူ မည်သူပင်ဖြစ်စေ ဥပဒေအတိုင်း အရေးယူရန်။
- ဒေသအုပ်ချုပ်ရေးကို ပြည်သူ့ထံ အာဏာပြန်အပ်နိုင်သည့် စနစ်ကျသောမူဝါဒများနှင့် ရွေးကောက်တင်မြှောက်သည့် ယန္တရားများချမှတ်ရန်။
- အင်တာနက်ရယူသုံးစွဲခွင့်နှင့် သယံဇာတဆိုင်ရာ ဆုံးဖြတ်ချက်များကို ဒေသခံကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ကော်မတီမှတဆင့် ချမှတ်ရန်။
- သတင်းမီဒီယာကို စောင့်ကြည့်သူများအဖြစ် အသိအမှတ်ပြုပြီး သတင်းရယူခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ရန်။
- သယံဇာတ ဝင်ငွေနှင့် သုံးငွေကို ပုံမှန် ထုတ်ပြန်ရန်နှင့် ပွင့်လင်းမြင်သာမှု တောင်းဆိုသူများကို ဥပဒေအရ အကာအကွယ်ပေးရန်။
အခန်း (၁)
နောက်ခံအကြောင်းအရာနှင့် နိဒါန်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲပေါ်ပေါက်လာသော မြန်မာစစ်တပ်၏ အကြမ်းဖက် ဖိနှိပ်မှုများကို တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ထိုတော်လှန်မှုများ နယ်မြေစိုးမိုးမှုများ ရရှိလာခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးတွင် ပုံစံကွဲပြားသည့် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများကို အကောင်အထည်ဖော် တည်ထောင်လာနိုင်ခဲ့ကြသည်။ အဆိုပါ အုပ်ချုပ်ရေးယန္တရားများသည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုတို့ကို ခုခံတော်လှန်နေရသည့်အပြင် တချိန်တည်းတွင် မိမိတို့နယ်မြေအတွင်း ဥပဒေစိုးမိုးရေး၊ အများပြည် သူဝန်ဆောင်မှု၊ စီးပွားရေး စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် အခြားတာဝန်များကိုပါဆောင်ရွက်ရသည်။ ဤသုတေသနသည် အဆိုပါ အုပ်ချုပ်ရေး ကွင်းဆက်များအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်၏ နေရာနှင့် နယ်နိမိတ်တို့ကိုနားလည်ရန် ဦးစွာ ကြိုးပမ်းထားသည်။
မြန်မာစစ်တပ်၏ အလုံးစုံသော ဖိနှိပ်မှုများကို ခုခံနေကြသည့် လက်နက်ကိုင် တော်လှန်ရေးကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် မရှိမဖြစ်အခွင့်အရေးတခု ဖြစ်သကဲ့သို့ အချိန်မရွေးအလွယ်တကူ ဖယ်ကျဉ်ခံရသည့် အခွင့်အရေးတရပ်လည်း ဖြစ်သည်။ တော်လှန်ရေး သို့မဟုတ် စည်းလုံးညီညွတ်ရေးခေါင်းစဉ်ကို အကြောင်းပြပြီး ဝေဖန်ထောက်ပြသူများကို အချို့သော တော်လှန်ရေးခေါင်းဆောင်များက ဖိနှိပ်ခဲ့သည့် သာဓကများလည်း ရှိခဲ့သည်။ ထို့ကြောင့် တာဝန်ခံမှုကို တောင်းဆိုသူများ၊ ချိုးဖောက်မှုများကို မှတ်တမ်းတင်သောသူများ၊ အုပ်ချုပ်သူများ၏ လုပ်ပိုင်ခွင့်အတိုင်းအတာကို မေးခွန်းထုတ်သူများနှင့် အခြားအခြားသော ဝေဖန်သူ၊ မှတ်တမ်းတင်သူများနှင့် ၄င်းတို့၏အသံကို ရှင်သန်ရပ်တည်ခွင့်ပေးသော ယန္တရားများ၊ လုပ်ပိုင်ခွင့်များ ရှိ၊မရှိ ဆန်းစစ်ခြင်းသည် ဤသုတေသနမှ ဖော်ဆောင်ထားသော အဓိက ပုံရိပ်တခု ဖြစ်သည်။
၁.၁။ ရည်ရွယ်ချက်နှင့် သုတေသနမေးခွန်းများ
ဤသုတေသနသည် အောက်ပါမေးခွန်းများကို ဖြေဆိုရန် ကြိုးပမ်းသည်။
- လက်ရှိနိုင်ငံရေး အကျပ်အတည်းကာလအတွင်း တော်လှန်ရေးအစိုးရများနှင့် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့အပေါ် ဝေဖန်ထောက်ပြမှုများနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု မည်သို့ရှိသနည်း။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးရန်အတွက် မည်သို့သော တရားဝင်နှင့် တရားမဝင် ဖိနှိပ်မှုပုံစံများကို အသုံးပြုနေကြသနည်း။
- ထိုကန့်သတ်မှုများကို မည်သည့် အကြောင်းပြချက်များဖြင့် တရားဝင်စေသနည်း၊ ယင်းအကြောင်းပြချက်များသည် လိုအပ်ချက်နှင့် အချိုးညီမျှမှု စံနှုန်းများနှင့် ကိုက်ညီသလား။
၁.၂။ နယ်ပယ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤသုတေသနသည် စစ်ကောင်စီ၏ ချိုးဖောက်မှုများကို မလေ့လာဘဲ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် ဒေသအာဏာပိုင်များ၏ လုပ်ရပ်များကိုသာ အဓိက လေ့လာသည်။ စစ်ကောင်စီ၏ ချိုးဖောက်မှုများသည် ပမာဏနှင့် စနစ်တကျကျူးလွန်မှုအရ ပိုမိုကြီးမားကြောင်း ဤအစီရင်ခံစာက ငြင်းဆိုခြင်းမရှိပါ။ တော်လှန်ရေးအင်အားစုများကို တာဝန်ခံမှုအတွက် လေ့လာခြင်းသည် စစ်ကောင်စီနှင့် အလားတူသည်ဟု နှိုင်းယှဉ်ခြင်းမဟုတ်ဘဲ၊ ၎င်းတို့ ကာကွယ်လိုသော တန်ဖိုးများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။
ဤစာတမ်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုသည်မှာ ထင်မြင်ယူဆချက်ကို ဝေဖန်ထုတ်ဖော်ခွင့်၊ သတင်းအချက်အလက် ရှာဖွေ၊ လက်ခံ၊ ဖြန့်ဝေခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ဒစ်ဂျစ်တယ်နယ်ပယ်တွင် ဆက်သွယ်ခွင့်တို့ကို ဆိုလိုသည်။ အခြားဝေါဟာရများကို ဝေါဟာရရှင်းလင်းချက်တွင် ကြည့်ပါ။
Download PDF:
