၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံရမှုများ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အသံအဖွဲ့မှ စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာမှတ်တမ်းများအရ အကြမ်းဖက်စစ်တပ်က ပြည်တွင်းမှ သတင်းထောက်များ နှင့် မီဒီယာသမားများကို နည်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးနေဆဲဖြစ်သည်။ ယခုနှစ်ဖေဖော်ဝါရီလအတွင်း သတင်းထောက်တဦးကို မတရားဖမ်းဆီး တရားစွဲခဲ့ပြီး အကျဥ်းကျနေပြီးသားဖြစ်သော အခြားဓါတ်ပုံသတင်းထောက်တဦးကို ထောင်တွင်းမတရားညှဉ်းပန်း နှိပ်စက်သည့်ဖြစ်စဥ် (၂) ခုကို တွေ့ရှိခဲ့သည်။

သတင်းထောက်ဟောင်းသန်းထိုက်မြင့် ဒုတိယအကြိမ်ပြန်လည်ဖမ်းဆီးခံရခြင်း
မြေလတ်အသံသတင်းဌာန၏သတင်းထောက်ဟောင်း သန်းထိုက်မြင့်(ခ)အောင်ကောင်းလင်း ကို စစ်တပ်က ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ အဆိုပါသတင်းထောက်သည် ၂၀၂၁ ခုနှစ်တွင်လည်း တကြိိမ်ဖမ်းဆီးခံခဲ့ရပြီး ရက်ပိုင်းခန့်ထိန်းသိမ်းခံခဲ့ရသည်။ ယခု ဒုတိယအကြိမ်ဖမ်းဆီးခံရချိန်တွင် သန်းထိုက်မြင့်က ၎င်းယာယီနေထိုင်ရာမြဝတီမြို့မှ နေရာဇာတိမြန်အောင်မြို့နယ်သို့ ဇနီးသည်မီးဖွားရန်အတွက်ပြန်လာပြီး တလခန့်ကြာချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
သန်းထိုက်မြင့်အား အမှတ် (၅၁) ခြေလျင်တပ်ရင်း (ခလရ – ၅၁) ၏စစ်ကြောရေးစခန်းတွင် (၇)ရက်ကြာစစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂ – က)” ဖြင့် စစ်တပ်က အမှုဖွင့် တရားစွဲခဲ့သည်။
ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်နှင့် အခြားနိုင်ကျဉ်း (၂) ဦးတို့ အင်းစိန်ထောင်တွင်း မတရားနှိပ်စက်ခံနေရခြင်း
အင်းစိန်ထောင်တွင်း အကျဥ်းကျခံနေရသော Myanmar Now သတင်းဌာနမှ ဓါတ်ပုံသတင်းထောက် စိုင်းဇော်သိုက်၊ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ သက်နှင်းအောင် နှင့် အခြားနိုင်ငံရေးအကျဥ်းသားတဦးဖြစ်သော နိုင်ဝင်း တို့အား အင်းစိန်ထောင်အာဏာပိုင်များက အင်းစိန်ထောင်အတွင်း မတရားအနိုင်ကျင့် နှိပ်စက်မှုများကျူးလွန်ခဲ့ကြောင်း သတင်းဌာနများစွာ၏ တင်ပြချက်အရသိရသည်။ အဆိုပါ နိုင်ငံရေးအကျဥ်းသား (၃) ဦးက စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် လူ့အခွင့်အရေးကော်မရှင်အား ထောင်တွင်းလူ့အခွင့်အရေးချိုးဖေါက်မှုများအကြောင်း ဖွင့်ထုတ်ပြောဆိုခြင်းကြောင့် ထိုသို့နှိပ်စက်ခံရခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ အမည်ခံ လူ့အခွင့်အရေးကော်မရှင်က အင်းစိန်ထောင်တွင်း သို့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွင်းလာရောက်လည်ပတ်ခဲ့ပြီး အကျဥ်းသားများနှင့်တွေ့ဆုံခဲ့သည်။ မတရားအနိုင်ကျင့်မှုများအား ထိုသို့ထုတ်ဖော်ပြောဆိုမှုကြောင့် ရိုက်နှက်၊နှိပ်စက်ခံရခြင်းအပြင် ၎င်းတို့အား သာမန်အကျဥ်းထောင်တွင်း မထားတော့ဘဲ ထောင်တွင်းစစ်ကြောရေးနှင့် ပိုမိုကြမ်းတမ်းသော ပုံစံဆောင်များသို့ ပြောင်းရွှေ့ခဲ့သည့်အပြင် မစင်ပုံးထမ်းခိုင်းခြင်း၊ ကျောက်သယ်၊ မြေကြီးတူး စသည့် အလုပ်ကြမ်းများပါ ခိုင်းစေခဲ့ကြောင်းသိရသည်။
စစ်တပ်လက်အောက်ခံ၊ အကျဥ်းဦးစီးဌာနမှ ထောင်ဝန်ထမ်းများကလည်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများအား ပြင်ပသို့ မပေါက်ကြားရန် သတင်းအချက်အလက်များကို အထပ်ထပ်ပိတ်ဆို့ထားပြီး နိုင်ငံရေးနှင့်ဆက်နွယ်သည့်အကျဥ်းသားများအား ပိုမို၍ပစ်မှတ်ထား အနိုင်ကျင့်၊ ဖိနှိပ်လျှက်ရှိသည်။
Myanmar Now သတင်းဌာန၏ ဓါတ်ပုံသတင်းထောက် စိုင်းဇော်သိုက်သည် ၂၀၂၃ခုနှစ်၊ မေလတွင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မှ မိုခါမုန်တိုင်းဖြစ်စဥ်အား သတင်းရယူနေချိန်တွင် အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသူဖြစ်သည်။
ဖားကန့်မြို့နေ CJ တဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်း
ကချင်ပြည်နယ်၊ ဖားကန့်အခြေစိုက် အရပ်သားသတင်းထောက်တဦးဖြစ်သူ တင်လှိုင်အား ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့၊ နေ့လည် (၁၂)နာရီအချိန်တွင် မည်သူမည်ဝါမှန်းမသိရှိရသူတဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခဲ့ကြောင်း သတင်းထောက်နောင်ရိုး၏ Facebook စာမျက်နှာမှတဆင့် သိရှိရသည်။ သို့သော်လည်း သတင်းထောက်တင်လှိုင်နှင့် သေနတ်သမားတို့ လုံးထွေးခဲ့ပြီးနောက် လုပ်ကြံမှုမအောင်မြင်ခဲ့ဘဲ သေနတ်သမားထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်၏မြို့နယ်အများစုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA – Kachin Independence Army) က ထိန်းချုပ်ထားပြီး KIA မှာ ဒေသခံသတင်းထောက်များအား ဖမ်းဆီးအရေးယူမှုများလည်းရှိခဲ့သောကြောင့် ဒေသခံသတင်းထောက်များ၏ သတင်းရေးသားဖော်ပြနိုင်မှု ကျပ်တည်းလျှက်ရှိသည်။ သို့သော် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုကို မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ကျူးလွန်ခဲ့ကြောင်း ယခုအထိ မသိရှိရသေးပါ။
Monitoring Media Repression in Myanmar

