၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ဒုတိယနှင့် တတိယအဆင့် တို့ကို ပြုလုပ်ခဲ့သော်လည်း မြေပြင်အခြေအနေ တည်ငြိမ်မှုမရှိဘဲ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခများ ရှိနေဆဲ ဖြစ်သည်။​ထူးခြားချက်မှာ စစ်တပ်၏ ရွေးကောက်ပွဲယန္တရားတွင် ပါဝင်ပတ်သက်နေသူများကို တော်လှန်ရေး အင်အားစုများက တန်ပြန်ပစ်မှတ်ထား အရေးယူမှုများ ရှိလာခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ၎င်း၏လက်အောက်ခံတပ်ဖွဲ့များနှင့်အခြားတိုင်းရင်းသားလက်နက်ကိုင်တချို့သည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်သူများကို ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။ 

ဇန်နဝါရီလအတွင်း မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော်အမတ်နှင့် ၎င်း၏သားမတ်ဖြစ်သူ ၂-ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ အသံအဖွဲ့၏ စောင့်ကြည့် လေ့လာချက်များအရ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်တပ်ဖွဲ့များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားသူ စုစုပေါင်း ၆-ဦး၊ ဝရမ်းထုတ်ခံရသူ ၂၅-ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရသည် ၃-ဦးထိ ရှိလာပြီဖြစ်သည်။ ၎င်းဖြစ်စဥ်များကို သုံးသပ်ကြည့်ပါက စစ်တပ်နှင့် တိုက်ရိုက်ဆက်နွယ် ပတ်သတ်နေသည့် စစ်တပ်ထောက်ခံသူများနှင့်၊  Non-CDM ဝန်ထမ်းများအပေါ် ပစ်မှတ်ထားမှုများကို တွေ့ရှိရသည်။

တဖက်တွင် စစ်တပ်ကလည်း ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေကို အသုံးပြု၍ ရွေးကောက်ပွဲကို ဝေဖန်သူများနှင့် ဆန့်ကျင်သူများကို ဖိနှိပ်လျက်ရှိသည်။ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲခံရသူ ၁၂-ဦး ရှိသည်။ ထို့အပြင် ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ် နွေဦးတော်လှန်ရေး။ အရေးတော်ပုံ” စသည့် စကားလုံးများ သုံးစွဲခဲ့သည့် ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သည်။ 

ဤအခြေအနေများကြားတွင် Non-CDM များနှင့် ရွေးကောက်ပွဲတွင် မဖြစ်မနေ ပါဝင်ပတ်သက် နေရသူများ အတွက်စစ်တပ်က ခိုင်းစေသည်ကိုမလုပ်ဆောင်လျှင် ဖိနှိပ်ဖမ်းဆီးခြင်းများပြုလုပ်မည်ကို စိုးရိမ်ရသကဲ့သို့ လုပ်ဆောင်လျင်လည်း တော်လှန်ရေးအဖွဲ့များ၏ ပစ်မှတ်ထားခံရမည့် အခြေအနေ ဖြစ်သည်။​ စစ်တပ်မှ ဦးဆောင်ပြုလုပ်ခဲ့သည့် အတုယောင်ရွေးကောက်ပွဲသည် ၎င်းတို့မျှော်လင့်ထားသကဲ့သို့ နိုင်ငံရေးအရ ထွက်ပေါက်တခု ဖြစ်မလာခဲ့ဘဲ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းပါဝင်ရန် ငြင်းဆန်သူများအတွက် အန္တရာယ်များ ကျရောက်စေပြီး ပဋိပက္ခများသာ ပို၍ဖြစ်စေခဲ့သည်။

ဇန်နဝါရီလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြာဆိုခွင့်ကို ရွေးကောက်ပွဲနှင့် ဆက်စပ်ပြီး ထိန်းချုပ် ဖိနှိပ်မှုများ အပြင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရပ်ကွက်တွင်းရှိ နေအိမ်များကို အလံလွှင့်တင်ရန် စစ််တပ်မှ အတင်းအကျပ်ဖိအားပေးသည့် ဖြစ်စဥ်များစွာရှိခဲ့သည်ကို တွေ့ရသည်။ ရန်ကုန်တိုင််းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှ အလံတင်ရန် ငြင်းဆန်သူ အမျိုးသားတစ်ဦးကိုလည်း  ရိုက်နှက်ဖမ်းဆီးခဲ့သည်။ 

၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ဇန်နဝါရီလကုန်အထိ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသူ ၁၈၁-ဦး ရှိပြီး၊ ၁၁-ဦးကို ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်ထားသည်။ 

အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုအခြေအနေတွင် ဇန်နဝါရီလ၊ ၂၇ ရက်နေ့၌ အာရက္ခ တပ်တော် AA မှ ဝန်ဆောင်မှုပေးထားသော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများ အင်တာနက် အသုံးပြုရာ နေရာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်တပ်၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကြောင့် ၂၀၂၆ ဇန်နဝါရီလကုန်အထိ ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်စုစုပေါင်း ၁၃၂ မြို့နယ် အထိ ရှိလာခဲ့သည်။

ရွေးကောက်ပွဲ ပထမအဆင့်ပြီးပါက အင်တာနက်ပြန်ကောင်းမည်ဟု စစ်တပ်က ဆိုခဲ့သော်လည်း လက်ရှိတွင် ပြန်လည် ကောင်းမွန်လာခြင်းမရှိဘဲ အင်တာနက်လိုင်းများ ဆက်လက်နှေးကွေးနေဆဲဖြစ်သည်။ ပြည်သူအများစုမှာ  VPN များ ချိတ်ဆက်မရခြင်းနှင့် လူမှုကွန်ယက် ပလတ်ဖောင်းများမှတဆင့် ဓာတ်ပုံ၊ စာများ ပေးပို့ရာ၌ အခက်ခဲများကို ကြုံတွေ့နေရသည်။ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားအပါအဝင် မြို့နယ် (၅) ခုတွင် Mytel ဖုန်းလိုင်းများ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက ပြတ်တောက်နေပြီး ယနေ့တိုင် ပြန်လည်အသုံးမပြုနိုင်ပေ။ တဖက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ မြို့သိမ်းတိုက်ပွဲများကြောင့် လုံခြုံရေးအရ စတားလင့် (Starlink) အသုံးပြုမှုကို ကန့်သတ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *