၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသော ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု
ပြည်နယ်နှင့်တိုင်းအလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအရေအတွက်ပြဇယား
States | Strike (From Military against groups) | Flower Campaign | Blue Shirt Campaign | Labour Strike | Flash- Mob | Campaign (Pamphlet,Movies,events) | Strike to KIO/MNDAA/ပကဖ | Total |
Bago | 0 | 0 | 0 | 1 | 0 | 0 | 0 | 1 |
Kachin | 1 | 0 | 0 | 0 | 0 | 0 | 1 | 2 |
Karenni | 1 | 0 | 0 | 0 | 1 | 0 | 0 | 2 |
Magway | 0 | 4 | 1 | 0 | 0 | 0 | 0 | 5 |
Mandalay | 1 | 2 | 0 | 0 | 1 | 0 | 0 | 4 |
Sagaing | 88 | 9 | 2 | 0 | 0 | 4 | 2 | 105 |
Shan | 0 | 1 | 0 | 0 | 0 | 0 | 1 | 2 |
Tanintharyi | 3 | 0 | 0 | 0 | 0 | 0 | 0 | 3 |
Yangon | 0 | 0 | 0 | 14 | 2 | 0 | 0 | 16 |
Unknown | 0 | 3 | 0 | 0 | 2 | 0 | 0 | 5 |
Total | 94 | 19 | 3 | 15 | 6 | 4 | 4 | 145 |
အနှစ်ချုပ်
အသံအဖွဲ့၏စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာများ၏မှတ်တမ်းအရ ၂၀၂၅ ခုနှစ် ဇွန်လကုန်ထိ ပြည်သူလူထုက နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများကို စုစုပေါင်း ၁၄၅-ကြိမ် ဖော်ဆောင်ခဲ့ကြောင်းတွေ့ရှိရသည်။ ထိုဆန္ဒထုတ်ဖော်မှုများအနက်၊ စစ်ကိုင်းတိုင်းဒေသကြီးသည် အကြိမ်ရေအများဆုံးဖော်ဆောင်နိုင်သည့် ဒေသတခုအဖြစ်တွေ့ရှိရပြီး ဆန္ဒထုတ်ဖော်မှုပေါင်း ၈၈- ကြိမ်မျှထွက်ပေါ်ခဲ့သည်။
ထို့အပြင်ဇွန်လအတွင်း၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအဖြစ် ကမ်းပိန်းများ၌ ပူးပေါင်းပါဝင်ရန် တိုက်တွန်းနှိုးဆော်သည့် လုပ်ဆောင်ချက်များနှင့်အတူ ကမ်းပိန်းများ၊ ဆန္ဒပြမှုများနှင့် ပန်းသပိတ်များစွာကို ပြည်သူများမှ ဖော်ဆောင်ခဲ့ကြပြီး၊ ပြည်တွင်းပြည်ပမှ မွေးနေ့ဆုတောင်းပေးမှုများကိုလည်း တွေ့ရှိရသည်။
အလားတူပင် ဇွန်လအတွင်း စက်ရုံအလုပ်သမားများ၏ ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ တရက်လုပ်ခနှင့် ဆုကြေးတိုးမြှင့်ရေးတို့အတွက် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ၎င်းဆန္ဒထုတ်ဖော်မှုအများစုမှာ အလုပ်သမားများနှင့် အလုပ်ရှင်များကြား သဘောတူညီမှုများ ရရှိခဲ့ကြသည်ကိုလည်းတွေ့ရသည်။
အကြမ်းဖက်မှုဖြစ်စဉ်များ
ETEC စက်ရုံမှ လုပ်ခတိုးမြှင့်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သော အလုပ်သမား ကိုရာဇာထွန်းကို ဇွန်လ (၁၀)ရက်နေ့ ညပိုင်းတွင် စက်ရုံးအတွင်း ဆူပူအောင် လှုံဆော်မှုဖြင့် ရပ်ကွက်ရာအိမ်မှုးနှင့် တိုင်း (စအဖ) ၄-ဦးက နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးသွားကြောင်းသိရသည်။
မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အကျဉ်းခံနေရသော Civil Disobedience Movement – CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းသည် ဆေးကုသမှုမလုံလောက်မှုကြောင့် ၂၀၂၅ ခုနှစ်၊ မေလ၊ (၇) ရက်နေ့တွင် သေဆုံးခဲ့သည်။ သူမသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၅-နှစ် ချမှတ်ခံထားရပြီး တီဘီရောဂါနှင့် ကိုယ်ခံအားကျဆင်းမှုကြောင့် သွေးကြောပေါက်ကွဲကာ အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် Political Prisoners Network – Myanmar (PPNM) မှ သတင်းထုတ်ပြန်ထားသည်။
မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် နှင့်ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀-ကျော်အား ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ (၁၂) ရက်နေ့တွင် မုံရွာအကျဉ်းထောင်မှ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုသို့ပြောင်းရွှေ့ခဲ့ရာတွင် ထောင်အတွင်းသို့ဝင်ချိန်ရောက်ချိန်၌ ထောင်အာဏာပိုင်များက ရာဘာတုတ်၊ သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် Political Prisoners Network – Myanmar (PPNM) မှထုတ်ပြန်ခဲ့သည်။ ထိုအကြမ်းဖက်မှုကြောင့် အကျဉ်းသား ၅၀-ဦးခန့်သည် ဦးခေါင်း၊ လက်နှင့် နောက်ကျောဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသခွင့်မရပဲ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုမူ တိုက်ပိတ်ထားကြောင်း တဆက်တည်းသိရှိရသည်။ ထို့အပြင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအား ဆေးကုသခွင့်နှင့် ဆေးဝါးပို့ဆောင်ခွင့်များကို ထိန်းချုပ်ကန့်သတ်ထားသည့်အပြင်၊ ရာဇဝတ်အကျဉ်းသားများကို အသုံးအသုံးချကာ ထောင်သားများအချင်းချင်းကြား ရန်တိုက်မှုများ ပြုလုပ်နေကြောင်း အကျဥ်းသားမိသားစုဝင်များမှတဆင့် သိရသည်။ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်စုစုပေါင်း ၇၄-နှစ် ချမှတ်ခံထားရသူဖြစ်ပြီး၊ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ၊ (၂၃) ရက်နေ့တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ တောင်ကြီးမှ ရန်ကုန်သို့သွားနေသော အဝေးပြေးယာဉ်တစ်စီးပေါ်မှ လသားအရွယ် ကလေးငယ်အပါအဝင် Civil Disobedience Movement (CDM)ပြုလုပ်ထားသူလင်မယားအား အကြမ်းဖက်စစ်တပ်လက်အောက်ခံများမှ ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ဂိတ်များ၌ ခရီးသည်များ၏ အချက်အလက်စစ်ဆေးမှုများ၌ Person Scrutinization and Monitoring System (PSMS) စနစ်အသုံးပြုကာ သံသယရှိသူများအားရွေးချယ်ကာ ဖမ်းဆီးခြင်းကို စစ်တပ်လက်အောက်ခံများမှ ဆက်တိုက်လုပ်ဆောင်နေကြောင်းသိရှိရသည်။ ထိုကဲ့သို့ ဖမ်းဆီးမှုများသည် CDM များ၏ လွတ်လပ်စွာရွှေ့ပြောင်းခွင့်နှင့် လုံခြုံရေးအရ အရေးကြီးသောအချိန်များ၌ အန္တရာယ်ကင်းရှင်းမှုကို ထပ်မံလျော့နည်းစေသည်။ မေလအတွင်း ထုတ်ပြန်ခဲ့သည့် အကြမ်းဖက်စစ်တပ်ဝါဒဖြန့်မီဒီယာများ၏ ဖော်ပြချက်များအရ PSMS စနစ်ဖြင့် ဖမ်းဆီးခံရသူပေါင်း ၁၆၀၀ ကျော်ခန့်ရှိလာပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။