၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသောပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအခြေအနေ
အနှစ်ချုပ်
အသံအဖွဲ့၏စောင့်ကြည့်အတည်ပြုထားသော ပြည်တွင်းသတင်းမီဒီယာများ၏မှတ်တမ်းအရ ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ထိ ပြည်သူလူထုက နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက်ဆန္ဒထုတ်ဖော်မှုများကို စုစုပေါင်း ၅၉-ကြိမ် ဖော်ဆောင်ခဲ့ကြောင်းတွေ့ရှိရသည်။ ထိုဆန္ဒထုတ်ဖော်မှုများအနက်၊ စစ်ကိုင်းတိုင်းဒေသကြီးသည် အကြိမ်ရေအများဆုံးဖော်ဆောင်နိုင်သည့် ဒေသတခုအဖြစ်တွေ့ရှိရပြီး ဆန္ဒထုတ်ဖော်မှုပေါင်း ၃၈-ကြိမ်ထွက်ပေါ်ခဲ့သည်။
ပြည်နယ်နှင့်တိုင်းအလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအရေအတွက်ပြဇယား
States | Strike (From Military against groups) | Labour Strike | Flash- Mob | Campaign (Pamphlet,Movies,events) | Total |
Kachin | 1 | 0 | 0 | 0 | 1 |
Karenni | 1 | 0 | 0 | 0 | 1 |
Magway | 2 | 0 | 0 | 0 | 2 |
Mandalay | 2 | 0 | 1 | 0 | 3 |
Sagaing | 36 | 0 | 1 | 1 | 38 |
Shan | 1 | 0 | 0 | 0 | 1 |
Tanintharyi | 6 | 0 | 0 | 0 | 6 |
Yangon | 2 | 1 | 3 | 1 | 7 |
Total | 49 | 1 | 4 | 1 | 59 |
နိုင်ငံတကာမှ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲ – ၁၁ ခု | England: London -1, Japan Tokyo – 1, South Korea Seoul – 2, Ulsan -1, Busan – 1, Daegu -1, Thailand Chiang Mai – 1, United State San Francisco – 2, Washington, DC,-1 |
အကြမ်းဖက်မှုဖြစ်စဉ်များ
ဖြစ်စဉ် (၁)
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ နေ့ရက်တွင် “Advanced Students” ဆန္ဒပြကျောင်းသားအဖွဲ့က ထုတ်ပြန်ချက်အရ၊ ရန်ကုန်မြို့၌ ဖမ်းဆီးခံထားရသည့် ကျောင်းသားများဖြစ်သော ကိုပိုင်ဖြိုးမင်း (ဒိုရီဟ်) နှင့် ရှိန်ဝေအောင် တို့အား မြန်မာစစ်တပ်က ထောင်ဒဏ် ၂၀-နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း နေထိုင်ရာအိမ်တွင်းသို့ အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ အမှုစဉ်ပထမအနေနှင့် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃-နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ထပ်မံ၍ ပုဒ်မ ၅၂(က) နှင့် ၅၀(ဇ) များဖြင့် တရားစွဲဆိုထားပြီး ထောင်ဒဏ် အနှစ်၂၀အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ် (၂)
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် (အသက် ၂၆ နှစ်)သည် အင်းစိန်အကျဉ်းထောင်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ -နှစ်၊ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၄ -နှစ် စုစုပေါင်း ၇ -နှစ် ချမှတ်ခံထားသူဖြစ်သည်။
ဖမ်းဆီးစဉ်အတွင်း စစ်ကြောရေးမှ အကြမ်းဖက်နှိပ်စက်ခံရမှုများကြောင့် ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ထောင်တွင်း၌ ကျန်းမာရေးအခြေအနေ ဆိုးရွားလာသော်လည်း ထောင်အာဏာပိုင်များက ထောင်ပြင်ပဆေးကုသခွင့် ပေးခြင်းမရှိခဲ့ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဖော်ပြခဲ့သည်ကိုတွေ့ရသည်။ မဝတ်ရည်အောင်သည် ထောင်တွင်း၌ ဆေးဝါးလုံလောက်မှုမရှိမှုကြောင့် မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၉ ရက်နေ့ ညတွင် ထောင်တွင်းဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ် (၃)
၂၀၂၅ ခုနှစ် မေလနှင့် ဇွန်လများတွင် စက်ရုံအလုပ်သမားများ၏ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်၊ ဇူလိုင်လ၊ ၂၅ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အလုပ်သမားအခွင့်အရေးလုပ်ဆောင်သူ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM)၏ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား အကြမ်းဖက်စစ်တပ်က နေအိမ်၌ ဒုတိယအကြိမ် ဖမ်းဆီးသွားကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အလုပ်သမားများနှင့်အတူ သပိတ်လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သောကြာင့် ဒေါ်မျိုးမျိုးအေးအား အကြမ်းဖက်စစ်က နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(က) ဖြင့်ပထမအကြိမ် ဖမ်းဆီးကာ ထောင်ဒဏ် ၆ -လကျော် ချမှတ်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဒေါ်မျိုးမျိုးအေးအား ဖမ်းဆီးပြီး ၃ ရက်ကြာသည့်တိုင် အဆက်အသွယ်မရသေးသောကြောင့် စိုးရိမ်ပူပန်နေရကြောင်း သူမ၏သမီးဖြစ်သူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီးနောက် ဇူလိုင်လ၊ ၂၈ ရက်နေ့တွင် STUM ရုံးခန်းသို့ အကြမ်းဖက်စစ်တပ်ဝင်ရောက်စီးနင်းပြီး သမီးဖြစ်သူ မခြူးသွယ်ဟန်အပါအဝင် စုစုပေါင်း ၇-ဦးကို ထပ်မံဖမ်းဆီးသွားကြောင်းသိရသည်။