၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု   

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသောပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု   

ပြည်နယ်နှင့်တိုင်းအလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအရေအတွက်ပြဇယား

StatesStrike (From Military against groups)Strike to PDF,PSFFlash- MobCampaign (Pamphlet,Movies,events)Total
Kachin20002
Karenni00011
Mandalay20103
Magway10001
Sagaing3731041
Tanintharyi10001
Yangon00213
Online10001
Total4433253

အသံအဖွဲ့မှ စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာများ၏ မှတ်တမ်းအရ၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်ထိ ပြည်သူလူထုက နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများကို စုစုပေါင်း ၅၂ ကြိမ် ဖော်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုဆန္ဒထုတ်ဖော်မှုများအနက် စစ်ကိုင်းတိုင်းဒေသကြီး သည် ဆန္ဒထုတ်ဖော်မှု အကြိမ်ရေအများဆုံး ဖြစ်ပြီး စုစုပေါင်း ၄၁ ကြိမ် ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် စစ်ကိုင်းတိုင်းတွင် ပြည်သူများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (PSF) တို့အား ဆန္ဒပြမှု ၃ ကြိမ် ဖော်ဆောင်ခဲ့သည်ကိုလည်းတွေ့ရှိရသည်။ 

လေ့လာတွေ့ရှိချက်များအရ စစ်တပ်သည် တရားမဝင်အတုယောင် ရွေးကောက်ပွဲအားကျင်းပနိုင်ရန် အပူတပြင်း ကြိုးစားအားထုတ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထုတ်ပြန်ပြဌာန်းထားသည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ”ကို အသုံးချကာ ပြည်သူများအား တရားစွဲခြင်းနှင့် အမှုဖွင့်သည့် ဖြစ်စဥ်အများအပြားကို ယခုလအတွင်း တွေ့ရှိခဲ့ရသည်။  

အကြမ်းဖက်စစ်တပ်သည် မြို့နယ်နှင့် နယ်မြေရဲစခန်းတိုင်း၌ Person Scrutinization and Monitoring System (PSMS) ဆော့ဖ်ဝဲအား တပ်ဆင်အသုံးပြုလာသည်ကို တွေ့ရှိရသည်။ လေ့လာတွေ့ရှိချက်များအရ ပုဂံရှိ ဟိုတည်နှင့် တည်းခိုခန်းများအား ယင်းစနစ်အားအသုံးပြု၍ ဧည့်စာရင်းစစ်ဆေးရာ၌ ဘုရားဖူးလာသည့် Civil Disobedience Movement (CDM) ဝန်ထမ်းများနှင့်သက်ဆိုင်သည့် အချက်အလက်များ စီစစ်တွေ့ရှိပြီးနောက် တချို့အား စစ်တပ်မှ ဖမ်းဆီးခဲ့သည်။ ယခုနှစ် မေလမှ စတင်၍ ရုရှားနည်းပညာဖြင့် ဖန်တီးထားသော PSMS ကို စစ်ဆေးရေးဂိတ်များ၊ လေဆိပ်များနှင့် ရဲစခန်းများတွင် အသုံးပြုပြီး၊ အလိုရှိသူ ၈ သောင်းခန့်၏ အချက်အလက်များ ထည့်သွင်းထားကာ နိုင်ငံရေးလှုပ်ရှားသူများနှင့် စစ်ပြေး၊ ရဲပြေးများကို ဖမ်းဆီးရေးတွင် အသုံးပြုနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ရန်ကုန်မြို့၊ လှိုင်သာယာအရှေ့ပိုင်းမှ ကိုအောင်ရဲထွဋ်နှင့် ကိုရန်နိုင်ကြည်ဝင်း တို့ကို အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားစေရန်လှုံ့ဆော်မှု” ဟုဆိုသော အကြောင်းပြချက်ဖြင့် ယခုစက်တင်ဘာလ၊ ၁၈ ရက်နေ့၌ ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့၌ အသက် ၁၄ နှစ်အပါအဝင် ကလေးငယ် ၃ ဦးနှင့် အရွယ်ရောက်သူ ၂ ဦး စုစုပေါင်း ၅ ဦးအား “ရွေးကောက်ပွဲနှောင့်ယှက်မှု” စွပ်စွဲချက်ဖြင့် စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း သိရသည်။ ဖမ်းဆီးခံရသူအားလုံးကို “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားကြောင်းတွေ့ရှိရသည်။

အကြမ်းဖက်စစ်တပ်က KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦး၊ AA နှင့် PDF တပ်ဖွဲ့များ၊ ထို့အပြင် Khit Thit Media တို့ကို ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ခဲ့သည်။အဆိုပါအမှုများအနက် KNU ခေါင်းဆောင်များအား ရွေးကောက်ပွဲပျက်ပြားစေရန် “ဟောပြောလှုံ့ဆော်မှု”၊ AA နှင့် PDF တပ်ဖွဲ့များအား ဧရာဝတီတိုင်းရှိ မဲပေးစက်အသိပညာပေး အခမ်းအနားတွင် “ဗုံးကျဲတိုက်ခိုက်မှု”၊ ချင်းပြည်နယ်တွင် Chinland အစိုးရအဖွဲ့ဝင် (၁၇) ဦးကိုလည်း တူညီသည့်အကြောင်းအရင်းဖြင့် အမှုဖွင့်ထားပြီး၊ Khit Thit Media အား “ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်မှု” ဟုဆိုကာ နေပြည်တော်၌ အမှုဖွင့်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ညနေပိုင်းတွင်၊ ရန်ကုန်တိုင်းဒေသကြီး  ရွေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံအနီး၌ အရက်မူးပြီး လက်သုံးချောင်းထောင်ကာ “ဒို့အရေး” ဟု အော်ဟစ်သည့် လူငယ်လေးဦး — ရဲသူရအောင်၊ ကျော်ဝဏ္ဏ၊ ချစ်ဝင်းနှင့် ပြေထွန်း တို့ကိုလည်း အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် “ဒို့အရေး” ဟု အော်ဟစ်ခြင်းသည် ကန့်သတ်ပိတ်ပင်ထားသော ပြောဆိုဟစ်ကြွေးခြင်းတခုဖြစ်သည်။    

မှတ်ချက်။ ။  စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ထန်းကြီးရွာအနီးတွင် NUG အောက်ရှိ ဒေါင်းနီ PDF တပ်ဖွဲ့က လက်နက်ခဲယမ်းအတွက် အကောက်ခွန်ကောက်ရန် ဂိတ်တစ်ခု ဖွင့်ထားရာ ဒေသခံများနှင့် ရွာပကဖတို့က ငွေကောက်ခံမှုအပေါ် စက်တင်ဘာလ၊ ၈ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် စက်တင်ဘာ ၉ ရက်တွင် ဒုတိယအကြိမ်ဆန္ဒပြရာ၌ ဆန္ဒပြသူများနှင့် PDF တပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ရိုက်နှက်ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တွေ့ရှိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *

You missed