၂၀၂၄ ခုနှစ်​၊ ဇွန်လအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံရမှုများ

၂၀၂၄ ခုနှစ်​၊ ဇွန်လအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံရမှုများ

စီရင်ချက်ချမှု

သတင်းထောက် ထက်အောင်နှင့် ရုံးဝန်ထမ်း စိုးဝင်းအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထောင်ချခြင်း

၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ရခိုင်ပြည်အခြေစိုက် သတင်းဌာနတခုဖြစ်သည့် Development Media Gorup (DMG) ၏ သတင်းထောက် ထက်အောင်နှင့် ရုံးဝန်ထမ်းဖြစ်သူ စိုးဝင်းအောင် တို့အား စစ်တွေမြို့နယ်တရားရုံးမှ အကြမ်းဖမ်မှုတိုက်ဖက်ရေးဥပဒေပုဒ်မ ၅၁ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်အထိ အမိန့်ချမှတ်ခဲသည်။ ၎င်းတို့နှစ်ဦး အမိန့်မချခင် တရားရင်ဆိုင်နေရသည့် ကာလအတွင်းခေါ်ဆိုသည့် ရုံးချိန်းများတွင် တရားလိုဖက်မှ ပြစ်မှုထင်ရှားကြောင်း သက်သေပြနိုင်သည့် အချက်အလက်များဖြင့် တရားရုံးသို့ ရောက်လာခြင်းမရှိချေ။

သတင်းထောက် ထက်အောင်သည် အောက်တိုဘာလ၂၉ ရက်နေ့၊၂၀၂၃ ခုနှစ်တွင် စစ်တွေမြို့ဝင်္ကဘာကွင်း၌ ကျင်းပသည့် ဆွမ်းကြီးလောင်းပွဲအား သတင်းဓာတ်ပုံရယူနေစဉ် စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးခံရသည့်နေ့မှာပင် စစ်အုပ်စုသည် ၎င်းအလုပ်လုပ်သည့် သတင်းဌာနရုံးကို ဝင်ရောက်စီးနှင်းမှုများ ပြုလုပ်ခဲ့ပြီး ရုံးဝန်ထမ်း စိုးဝင်းအောင်ကို ထက်အောင်နှင့်အတူ  စစ်တွေမြို့ အမှတ်-၁ ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတွင် ခေါ်ယူစစ်ဆေးမေးမြန်းခံရပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရမန်ယူကာ ရုံးထုတ်ခဲ့သည်။

၎င်းတို့နှစ်ဦးအား သုံးလကြာ မတရားဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ၂၀၂၄ ဇန်နဝါရီလအတွင်း ထောင်ဖက်သို့ပြောင်းရွှေ့ချိန်တွင် ယခင်စွဲဆိုထားသည့်ပုဒ်မအစား ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၅) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ပြောင်းလဲ စွဲဆိုခဲ့သည်။ DMG သတင်းဌာ၏ ဖော်ပြချက်အရ ထက်အောင်၏ တရားစွဲဆိုထောင်ချခံရသည့် ဖြစ်ရပ်သည် ၎င်းရေးသားသည့် “လူမျိုးတုန်းသတ်ဖြတ်မှုကို အရေးယူပေးဖို့ မွတ်ဆလင်တွေ တောင်းဆို” ဟူသော သတင်းအကြောင်းအရာနှင့် ဆက်စပ်လျက်ရှိသည်ဟု ပြောပြထားသည်။​

ဤကဲ့သို့ မည်သည့် အထောက်အထားသက်သေမျှ မရှိပဲ သတင်းထောက်နှင့် သတင်းအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် သူများကို ဖမ်းဆီးအရေးယူထောင်ချမှုများသည် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းသမာများ၏ သတင်းအချက်အလက်ရယူ ဖြန့်ချိခွင့်ကို တိုက်ရိုက်ထိပါးခြင်း၊ လူထုသတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းပင်ဖြစ်သည်။

 Monitoring Media Repression in Myanmar

Journalists and media workersJune 2024FemaleMaleUnknownTotal since the 2021 coup until June 2024)
Arrested26185 211
In detention/serving jail sentences 451 55
Released 22131 153
Died 8 8
Convicted21259 71
Warranted 848 56
News and other licenses
News licenses canceled    15
Printing/publishing permits revoked    11

၂၀၂၄ ခုနှစ် ဇွန်လ၊ အွန်လိုင်းသတင်း စောင့်ကြည့်မှုများအရ ဖုန်းအတွင်း (VPN) ဆော့ဖ်ဝဲ အသုံးပြုမှု၊ (VPN) စစ်ဆေးနေကြောင်း အွန်လိုင်းတွင် သတင်းမျှဝေမှု စသော ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေးနှင့် ဒစ်ဂျစ်တယ်အခွင့်ရေးများကို ဆက်တိုက်ဆိုသလို ချိုးဖောက်ကျူးလွန်လျှက်ရှိသည်။ ထို့အပြင် ဇွန်လ (၁၉) ရက်နေ့တွင် ဖြစ်သွားခဲ့သော စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပျံလွန်သွားခဲ့သည့် ဝင်းနိမ္မတာရုံဆရာတော်အမှုနှင့် ပတ်သက်ပြီး သီတဂူဆရာတော်၏ စစ်တပ်ကို ခွင့်လွှတ်ရန် ပြောကြားချက်ကို အွန်လိုင်းကတဆင့် ဝေဖန်ခြင်းများနှင့် စစ်တပ်ကို ဆန့်ကျင်သောစာများအား လူမှုကွန်ရက်တွင် တင်ခြင်းကြောင့် စွပ်စွဲဖမ်းဆီးမှုအချို့ကိုပါ တွေ့ရသည်။ အဆိုပါနိုင်ငံရေးဝေဖန်မှုများကြောင့်  နိဗ္ဗာန်ကုန်ဆိုင်များ ချိတ်ပိတ်ခြင်း၊ ငွေညှစ်ခြင်းနှင့် တရားဝင်ခြင်းမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ဥပဒေအမည်ခံ မတရားဥပဒေပုဒ်မများဖြင့် အမှုဖွင့်တရားစွဲဆိုကာ လူထု၏ နိုင်ငံရေးထုတ်ဖော်ပြောဆိုခွင့်၊ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေးနှင့် ဒစ်ဂျစ်အခွင့်အရေးများသည် အဆိုးရွားဆုံးဖိနှိပ်ခံနေရသည်။

ဖမ်းဆီးခံရသည့်အမှုများ

ဇွန်လအတွင်းတွင် ဖမ်းဆီးခံရသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦးရှိပြီး၊  ၎င်းတို့မှာ သာမန်ပြည်သူများသာဖြစ်သည်။

သီတဂူဆရာတော် (အရှင်ဉာဏိဿရ) အားဝေဖန်သည့် ပြည်သူများအား ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်မှ ဖမ်းဆီးအရေးယူရန် ရန်လှုံ့ဆော်ခြင်း

ဇွန်လ (၁၉) ရက်နေ့၊ ၂၀၂၄ ခုနှစ်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရွာနှင့် ပန်းချီကမ္မရွာကြားတွင် ဝင်းနိမ္မတာရုံဆရာတော်နှင့် ကံသုံးဆင့်ဆရာတော်တို့ စီးနင်းလိုက်ပါလာသည့် ကားသည် စစ်တပ်၏ ပစ်ခတ်ခြင်းခံခဲ့ရသည်။ ကားဆရာနှင့် ကံသုံးဆင့်ဆရာတော်တို့ ကျည်ထိမှန်ဒဏ်ရာရခဲ့ကြပြီး ဝင်းနိမ္မတာရုံဆရာတော်သည် ပျံလွန်တော်မူသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သီတဂူဆရာတော်သည် “သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါ” ဟု ဝင်းနိမ္မတာရုံကျောင်းတိုက်ရှိ သံဃာတော်များအား စည်းရုံးဟောကြားခဲ့သည်။ ၎င်း၏ ပြောကြားမှုသည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ဗုဗ္ဗသိရိမြို့နယ်၊ နေပြည်တော်မှ “အမေရွာပြန်ချင်တယ်” FaceBook Account ပိုင်ရှင်မှ “ဂူဂူရေ ကိုယ့်အလှည့်ကျမှ နောင်တမရပါစေနဲ့၊ ဘုန်းကြီးဖြစ်နေပြီး အမှားအမှန် မခွဲခြားတတ်၊ ငွေမျက်နှာပဲ ကြည့်ပြီး ဒကာဆရာဖြစ်နေတဲ့ ငပုလက်ကိုင်တုတ် ဖြစ်နေပြီ”ဟု ရေးသားခဲ့ခြင်းကြောင့် ဟန်ငြိမ်းဦးမှ ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး စစ်တပ်လက်ပါးစေများမှ လာရောက်စစ်ဆေးခဲ့သည်။ ထိုအကောင့်ပိုင်ရှင်သည် ကျော်ဇေယျာထွန်းဆိုသူဖြစ်ကြောင်း ပြည်သူအချို့၏ အွန်လိုင်းတွင် တိမ်းရှောင် တိုက်တွန်းမှုနှင့် စစ်တပ်လော်ဘီပေ့ချ်များ၏ အွန်လိုင်းပို့စ်များအရသိရသည်။ ကျော်ဇေယျာထွန်းသည်  ဇေယျာသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက် ည (၁၀)နာရီ (၁၀)မိနစ်တွင် သက်ဆိုင်ရာ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ 


ထို့အပြင် ဇွန်လ (၂၃) ရက်နေ့၊ နေ့လည်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြေ့သာစည်မြို့နယ်၊ (၄၅)လမ်း (၈၂)လမ်း (၈၃)လမ်းကြား မဟာမုနိဘုရားကြီးအနီးရှိ မန်းရွှေခေတ် နိဗ္ဗာန်ကုန်ဆိုင်မှ မင်းရွှေခေတ် ဟု ခေါ်သည့် အမျိုးသားသည် ၎င်း၏ ဖေ့ဘုတ်အကောင့်ဖြင့် သတင်းဌာနတစ်ခုအောက်တွင် “ငယ်ငယ်ကတည်းက ငွေမက်လို့ မကြိုက်ခဲ့တဲ့ ဘုန်းဘုန်း” ဟု မှတ်ချက်ရေးသားခဲ့သည်။ ထိုရေးသားမှုသည် သီတဂူဆရာတော်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားသည့် နိဗ္ဗာန်ကုန်ရောင်းသူ ဟု စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ်စာမျက်နှာများ၏ ဖမ်းဆီးရန်လှုံ့ဆော်မှုများကြောင့် နာရီပိုင်းအကြာတွင် ၎င်းအမျိုးသားကို သွားရောက်ဖမ်းဆီးခဲ့သော်လည်း ဆိုင်တွင်မရှိသဖြင့် ဆိုင်ကိုသာ ချိတ်ပိတ်သွားခဲ့သည်ဟု သိရသည်။


ဖုန်းထဲမှ Virtual Private Network (VPN) ဆော့ဖ်ဝဲစစ်ဆေးခြင်းနှင့် ငွေတောင်းနေကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားမျှဝေသည့်အတွက် ဖမ်းဆီးခံရခြင်း

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့၊ ညနေပိုင်းတွင်၊ ဖုန်းထဲတွင် (VPN) ဆော့ဝဲ ပါ၊မပါ စစ်ဆေးနေကြောင်း လူမှုကွန်ယက်မှာ ပို့စ်တင်သည့် မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးကို ဖေ့ဆ်ဘုတ်ပေါ်တွင် ဖော်ပြသည့် ဖုန်းနံပါတ်၊ လိပ်စာစသည့် ပုဂ္ဂိုလ်ရေးအချက်များကို လိုက်၍ ဖမ်းဆီးသည် ဟု စစ်အုပ်စုဝါဒဖြန့် ချန်နယ်များကဖော်ပြသည်။ သို့ရာတွင် မည်သူမည်ဝါ၊ အချိန်နှင့် မည်သည့်နေရာတွင် ဖမ်းဆီးခံထားရခြင်း အတိအကျများကိုမူ ဖော်ပြထားခြင်းမရှိသဖြင့် မသိရပေ။

တောင်ကြီးမြို့မှ စိုင်း(ကလော) အကောင့်ပိုင်ရှင်သည် “ရှမ်းတောင် တောင်ကြီးမြို့မှာ VPN သုံးရင် စစ်ကောင်စီက ထောင်ချမယ်” လို့ Tiktok မှတဆင့် ရေးသားပို့စ်တင်ခဲ့သည်။ ၎င်းသည် ကနဦး Tiktok ပေါ်တွင်တင်ပြီး ဖေ့ဆ်ဘုတ်ပေါ်၌လည်း “VPN အသုံးပြုမှုအားတွေ့လျှင် ကျပ်ငွေ ၅၀၀၀၀/ ၁၀၀၀၀၀ အထိ စစ်တပ်မှ ကောက်ခံနေသည်” ဟု ထပ်မံရေးတင်ခဲ့သောကြောင့် စစ်တပ်သတင်းပေး (ဒလန်) များမှ ရဲကိုတိုင်တန်းလိုက်သည့်အတွက် ဇွန်လ (၁၄) ရက်နေ့ ၂၀၂၄ ခုနှစ်တွင် စစ်တပ်မှ ရိုက်နှက်ဖမ်းဆီးခြင်းဖြစ်သည်။ ထို့နောက် အရှေ့ပိုင်းစစ်ဌာနချုပ် (ရပခ)၏ စစ်ကြောရေးစခန်းကို ပို့ဆောင်စစ်ဆေးကာ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးဘဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူမည်ဟု စစ်တပ်မှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) သည် စစ်တပ်အသိုင်းအဝိုင်းကို ဝေဖန်ပြောဆိုသည့် မည်သည့်ပြောဆိုမှုကိုမဆို စီရင်ရာတွင် အသုံးအများဆုံး ဥပဒေပုဒ်မထဲမှ တခုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ်အထိချမှတ်ခံရနိုင်သည့် ဥပဒေဖြစ်သည်။ ၅၀၅(က) ဖြင့် စွပ်စွဲတရားစွဲဆိုခံရသူတိုင်းသည် ထောင်ချုပ်ဖြင့်သာ တရားရင်ဆိုင်ခွင့်ရှိပြီး အာမခံမရသည့် နာမည်ဆိုးနှင့် ကျော်ကြားသည့် ပုဒ်မခွဲတခုဖြစ်သည်။


စစ်တပ်ဆန့်ကျင်သည့်အရေးသားများ ရေးသားပြောဆိုသည့်ဟူသည့် စွပ်စွဲချက်ဖြင့် ရေကြည်မြို့မှ ခင်မေအေးအားဖမ်းဆီး တရားစွဲဆိုခြင်း


ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ဖေ့ဆ်ဘုတ်စာမျက်နှာပေါ်တွင် ခင်မေအေးသည် စစ်တပ်ဆန့်ကျင်ရေးစာများရေးတင်သည်ဟု စွပ်စွဲခံရကာ ဇွန်လ ၂၆ ရက်နေ့တွင် ၎င်းနေထိုင်ရာ ရေကြည်မြို့ ဗထူးရပ်ကွက်အထိ လာရောက်ဖမ်းဆီးခြင်းခံခဲ့ရသည်။ အဆိုပါနေ့တွင်ပင် ဖေ့ဆ်ဘုတ်ပို့စ်နှင့် ပတ်သက်၍ မေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်နှင့် အများ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်အတွက် မမှန်သတင်းများအား လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေမှုများနှင့်စွပ်စွဲပြီး ရေကြည်မြို့ရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများအမှုဖွင့်အရေးယူရန် လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းမ်စ်သတင်းဌာနက ဖော်ပြရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *