အသံအဖွဲ့၏ သတင်းမီဒီယာ စောင့်ကြည့်လေ့လာမှု – မြန်မာစစ်တပ်၏ “အတုအယောင်” ရွေးကောက်ပွဲနှင့် ဆန့်ကျင်သူများ ဖြိုခွင်းမှု
အနှစ်ချုပ်
မြန်မာစစ်တပ်သည် အဆင့်ဆင့်ကျင်းပမည့် ၎င်း၏ အတုအယောင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် စတင်ကျင်းပရန် ကြေညာထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လွတ်လပ်သော လေ့လာသူများက ဤရွေးကောက်ပွဲကို ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ခြင်းထက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် “အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ” (Sham Election) တစ်ခုအဖြစ် ပြင်းပြင်းထန်ထန် ရှုံ့ချလျက်ရှိသည်။
အသံ၏ မီဒီယာ စောင့်ကြည့်လေ့လာမှုများအရ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စစ်တပ်က ပြဋ္ဌာန်းခဲ့သော “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေး ဥပဒေ” ကို အသုံးပြု၍ နိုင်ငံရေးအရ ဖမ်းဆီးမှုများနှင့် တရားစွဲဆိုမှုများ သိသိသာသာ မြင့်တက်လာကြောင်း တွေ့ရှိရသည်။ ဤဥပဒေသည် ရွေးကောက်ပွဲကို ကာကွယ်ခြင်းထက် စစ်တပ် ၏ လုပ်ရပ်များကို ဆန့်ကျင်သည့် ပြောဆိုမှုများ၊ သပိတ်မှောက်ခြင်းများနှင့် အကြမ်းမဖက် ဆန္ဒပြမှု များကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် လက်နက်သဖွယ် အသုံးပြုနေခြင်း ဖြစ်သည်။
နောက်ခံအခြေအနေ – ၂၀၂၅ ရွေးကောက်ပွဲ အချိန်ဇယား
- သတ်မှတ်ရက်စွဲများ – စစ်တပ်သည် အတုအယောင် ရွေးကောက်ပွဲပထမပိုင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် တွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ နောက်ဆက်တွဲ ရွေးကောက်ပွဲများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆက်လက်ကျင်းပရန် စီစဉ်ထားသည်။
- အခြေအနေ – ဤရွေးကောက်ပွဲသည် NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်၍ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ကာလ နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။
- လုံခြုံရေး အခြေအနေ – စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြို့နယ် (၆၃) မြို့နယ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFs) ထိန်းချုပ်ထားသည့် နယ်မြေအများစုတွင် မဲပေးပွဲ ကျင်းပနိုင်မည် မဟုတ်ပါ။
- နိုင်ငံတကာ တုံ့ပြန်မှု – ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU) နှင့် ဒီမိုကရေစီနိုင်ငံကြီး တချို့က ဤရွေးကောက်ပွဲကို “လွတ်လပ်မျှတမှု မရှိ” ဟု သတ်မှတ်ထားသည်။
ဥပဒေပြု၍ ဖိနှိပ်ဖြိုခွင်းခြင်း
အသံအဖွဲ့၏ စောင့်ကြည့်လေ့လာမှုများအရ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန်ထုတ်ဖော်မှုများကို ဖိနှိပ်ဖြိုခွင်းရာတွင် အဓိက အသုံးပြုနေသည့် လက်နက်မှာ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြဌာန်းခဲ့သည့် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေ ဖြစ်သည်။
ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ၏ အဓိကပုဒ်မများ
- ပုဒ်မ ၂၃ (က) – ရွေးကောက်ပွဲ ပျက်စီးစေရန် လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း သို့မဟုတ် လုပ်ငန်းစဉ်ကို နှောင့်ယှက်စေသည့် စာများ/အွန်လိုင်း အကြောင်းအရာများ ဖြန့်ဝေခြင်း တို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။
- ပုဒ်မ ၂၄ (က) – မဲဆန္ဒရှင်တစ်ဦးအား မဲပေးခြင်းမပြုနိုင်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်သြဇာသုံးခြင်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။
- ပြစ်ဒဏ်များ – ထောင်ဒဏ် (အနည်းဆုံး ၃ နှစ်) မှ ထောင်ဒဏ် တစ်သက် သို့မဟုတ် သေဆုံးမှု၊ ပြင်းထန်သော နှောင့်ယှက်မှု ဖြစ်စေပါက သေဒဏ် အထိ ချမှတ်နိုင်သည်။
- သက်ရောက်မှုနယ်ပယ် – ဤဥပဒေသည် ရွေးကောက်ပွဲကို “နှောင့်ယှက်ခြင်း” ဟုဆိုရာတွင် သပိတ်မှောက်ရန် လှုံ့ဆော်ခြင်း သို့မဟုတ် ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို ဝေဖန်ခြင်း အားလုံးကိုပါ အကျုံးဝင်စေရန် စစ်ကောင်စီက အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
