မြန်မာ့ ပြည်တွင်းဖြစ်- စစ်တပ်မှပြုလုပ်သည်

မြန်မာ့ ပြည်တွင်းဖြစ်- စစ်တပ်မှပြုလုပ်သည် ဆက်သွယ်ရေးလိုင်းများပြတ်တောက်ခြင်း၏ အကျိုးဆက်

၁။ နိဒါန်း

ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာကဏ္ဍ၏ အလွန်အရေးပါ အသုံးဝင်မှုကို ငြင်းဆို၍ မရနိုင်ပေ။ နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူသားတို့၏ နေ့စဉ်ဘဝတွင်အင်တာနက်အသုံးပြုမှုသည် အဓိကအခန်းကဏ္ဍဖြစ်လာပြီး တကမ္ဘာလုံးအတိုင်းအတာဖြင့် ပိုမိုကျယ်ပြန့်လာသည်။ ဒီဂျစ်တယ်နည်းပညာများကို မှန်ကန်စွာသုံးစွဲနိုင်ပါက စစ်ရေး၊ နိုင်ငံရေးအပါအဝင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့်ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးအတွက် အကျိုးကျေးဇူးများစွာ  ရရှိနိုင်သည်။ သို့သော် အာဏာရှင်အစိုးရများသည် ဒီဂျစ်တယ်နည်းပညာများကို မလျော်မကန်အသုံးချကာ ဥပဒေများထုတ်ပြန်ခြင်း၊ ပြည်သူများကို စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် အင်တာနက် လွတ်လပ်ခွင့်ကို ကန့်သတ်ဖိနှိပ်ခြင်းတို့ဖြင့် ပြည်သူ့လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုပင် ထိခိုက်လာစေသည်။ စစ်ရေးနှင့် နိုင်ငံရေးနယ်ပယ်တို့တွင် တွေ့ရသော ဤအလွဲသုံးမှုသည် “ဒီဂျစ်တယ်နည်းပညာ၏ အမှောင်ဘက်” ဖြစ်ပါသည်။

Steven Feldstein ၏ The Rise of Digital Repression စာအုပ်တွင် အာဏာရှင်အစိုးရများသည် ပြည်သူ လူထု၏ ဒီဂျစ်တယ်လွတ်လပ်ခွင့်ကို အဓိက နည်းလမ်း  (၅) မျိုးဖြင့် ကန့်သတ်နိုင်သည်ဟု ဖော်ပြထားသည်။၎င်းတို့မှာ

(၁) စောင့်ကြည့်ထောက်လှမ်းခြင်း

(၂) ဆင်ဆာပြုလုပ်ခြင်း

(၃) လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အချက်အလက်များကို ကြိုးကိုင်ထိန်းချုပ်ခြင်း၊ သတင်းမှားနှင့် သတင်းတု ဖြန့်ချီခြင်း

(၄) အင်တာနက်ဖြတ်တောက်ခြင်း

(၅) အင်တာနက်အသုံးပြုသူများကို ဦးတည်၍ ဖိနှိပ်၊ အကျဉ်းချခြင်း

မြန်မာနိုင်ငံတွင် ဒီဂျစ်တယ် လွတ်လပ်ခွင့်ချိုးဖောက်မှုများကို အရပ်သား အစိုးရဖြစ်သည့် အမျိုးသား ဒီမိုကရေစီအစိုးရ လက်ထက်ကတည်းက လုပ်ဆာင်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ဒစ်ဂျစ်တယ် လွတ်လပ်ခွင့် ကန့်သတ်ထိန်းချုပ်မှုများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ အင်တာနက် မြန်နှုန်းလျော့ချခြင်း၊ ဆိုရှယ်မီဒီယာဝဘ်ဆိုက်များကို ပိတ်ပင်ခြင်း၊ ဆိုက်ဘာ ဥပဒေမူကြမ်းများထုတ်ပြန်ခြင်းအပြင် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီီဒီယာ လုပ်ငန်းများကို ပိတ်သိမ်းခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြု၍ စောင့်ကြည့်၊ ထောက်လှမ်းကာ နိုင်ငံရေး တတ်ကြွလှုပ်ရှား သူများနှင့် သတင်းသမားများကို မတရားဖမ်းဆီး၊ အကျဉ်းချခြင်း စသည့်လုပ်ရပ်များဖြင့် မြန်မာစစ်တပ်သည် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကို ချိုးဖောက်လျက်ရှိသည်။

Freedom House ၏ Freedom on the Net နှစ်စဉ် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် အဆင့်မှာ၂၀၂၀ မှ ၂၀၂၅ ခုနှစ် အတွင်း ဆက်တိုက်  ကျဆင်းလာခဲ့သည်။  လက်ရှိတွင် တရုတ်နိုင်ငံ သည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး ပထမနေရာ၌ ရှိနေပြီး မြန်မာနိုင်ငံသည် ဒုတိယနေရာတွင် ရှိ  နေသည်။ ထို့အပြင် မြန်မာစစ်တပ်နှင့် တရုတ်အစိုးရကြား ဆက်ဆံရေးတိုးတက်လာမှုမှာလည်း တော်လှန်ရေး အင်အားစု များနှင့် နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများအတွက် အန္တရာယ်ကြီးမားသည့် အခြေအနေ တခုဖြစ်စေသည်။ လေ့လာ တွေ့ရှိချက်များအရ မြန်မာစစ်တပ်သည် ဆက်သွယ်ရေးအော်ပရေတာများကို ထိန်းချုပ်ကာ နိုင်ငံအဝှမ်း ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်သည့်အပြင် အင်တာနက်အသုံးပြုမှုကို လိုသလို ထိန်းချုပ် နိုင်ရန်နှင့် ပြည်သူလူထု၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းနိုင်ရန် တရုတ်နိုင်ငံမှ နည်းပညာ အကူအညီများ ရယူထားသည်။ ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားပြီး အရပ်ဘက်၊ စစ်ဘက်ခွဲခြားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာမြို့နယ်၊ ကျေးရွာများအား မီးရှို့ဖျက်စီးခြင်း၊ အင်အားအလုံးအရင်းဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများအသုံးပြု၍သော်လည်းကောင်း စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။

စစ်တပ်၏ ဒီဂျစ်တယ်လွတ်လပ်ခွင့်ထိန်းချုပ်၊ ကန့်သတ်မှုများသည် ပြည်သူလူထု၏  လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်မာရေးအစရှိသည့် ကဏ္ဍများတွင် ထိခိုက်နစ်နာမှုများစွာကို ကြုံတွေ့လာစေသည်။ ဥပမာသ ဘာဝဘေး အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ကြရသည့် ၂၀၂၅ ခုနှစ် မတ်လ စစ်ကိုင်းငလျင် လှုပ်ခတ်မှု၊ ၂၀၂၄ ခုနှစ် ဩဂုတ်လ ရေကြီး၊ ရေလျှံမှုနှင့် ၂၀၂၃ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကာလများအတွင်းက  ဆက်သွယ်ရေးလိုင်းများ မရရှိသဖြင့် သတင်းအချက်အလက် စီးဆင်းမှု  နှောင့်နှေးကြန့်ကြာပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသဖြင့် ဒေသခံပြည်သူများ၏ နေ့စဥ်လူမှုဘဝ ပိုမို ကျပ်တည်းလာရုံသာမက သတင်းတု၊ သတင်းမှားများနှင့် ဝါဒဖြန့်ချိမှုများလည်း ပိုမိုကြီးထွားလာနေသည်ကို တွေ့ရှိရသည်။ စစ်တပ်သည် တော်လှန်ရေးအင်အားစုများ၏ တန်ပြန်ထိုးစစ်ဆင်မှုကိုရင်ဆိုင်နေရပြီး မြို့နယ်တချို့ကို လက်လွှတ်ထားရသည့်တိုင် ပြည်သူ့ဆန္ဒမပါဝင်သည့် အထွေထွေ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။ ရွေးကောာက်ပွဲ ပြုလုပ်ခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ အသိမှတ်ပြုမှုကို ပြန်လည်ရယူနိုင်ရန်  စနစ်တကျ နည်းဗျူဟာချ စီစဥ်လုပ်ဆောင်နေသည်။

ဤသုတေသနစာတမ်းတိုသည် လူထု၏ဒီဂျစ်တယ်အခွင့်အရေးများကို ကန့်သတ်၊ ထိန်းချုပ်ပြီး   အတုအယောင် ရွေးကောက်ပွဲကို အကောင်အထည်ဖော််နိုင်ရန် ကြိုးစားအားထုတ်နေသည့် စစ်တပ်၏လုပ်ရပ်များကို ဖော်ပြရန်ရည်ရွယ်သည်။ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်အချိန်ကာလ နီးကပ်လာသည်နှင့်အမျှ  လူ့ခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာခြင်းနှင့် စစ်တပ်၏ဝါဒဖြန့်မှုမှုများ အားကောင်းလာပုံကို အဓိကထား၍ ရေးသားပြုစုထားသည်။


၂။ လက်ရှိမြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အခြေအနေ

မြန်မာစစ်တပ်၏ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခြင်းကို လေ့လာရာတွင် (၁) တနိုင်ငံလုံး ဖြတ်တောက်ခြင်း၊ (၂) ဒေသ/မြို့နယ်အလိုက် ဖြတ်တောက်ခြင်း၊ (၃) အချိန်အလိုက်/နေ့ရက်အလိုက် ဖြတ်တောက်ခြင်း ဟူ၍တွေ့ရှိရသည်။ ထို့အပြင် ဒေသအချို့၌ ဆက်သွယ်ရေးလိုင်းများကို စစ်တပ်က ဖြတ်တောက်ခြင်း မရှိသော်လည်း၊ ပဋိပက္ခဒဏ်နှင့် သဘာဝဘေးအန္တရာယ်တို့၏ သက်ရောက်မှုများကြောင့် ဆက်သွယ်ရေး ပျက်တောက်လျက်ရှိသည်။ အဓိကအကြောင်းရင်းများမှာ ဆက်သွယ်ရေး အဆောက်အအုံများ ပျက်စီးခြင်း၊ တာဝါတိုင်များ ထိခိုက်မှုနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိခြင်းတို့ဖြစ်ရာ၊ ယင်းအခြေ အနေများသည် ဒေသခံများအတွက် ဖုန်းနှင့် အင်တာနက်လိုင်းများ ရယူသုံးစွဲရေးကို အခက်အခဲများစွာ ဆက်လက် ဖြစ်ပေါ်စေသည်။

အသံအဖွဲ့၏လေ့လာတွေ့ရှိချက်များအရ ဆက်သွယ်ရေးလိုင်းများ ရရှိနေဆဲဖြစ်သည့် ဒေသများတွင် စစ်တပ်က Virtual Private Network (VPN) နှင့် အခြားသောဆော့ဝဲလ်များ၊ မေးလ်ဝဲများနှင့် ဝဘ်ဆိုဒ်များကို ပိတ်ပင် ကန့်သတ်ထားသည့် Great Firewall  ကို အသုံးပြုထားသဖြင့် ဒီဂျစ်တယ်လွတ်လပ်ခွင့်ကို အဆုံးစွန်ထိ ကန့်သတ်ထားခြင်းကို ကြုံတွေ့နေကြရသည်။ လက်ရှိတွင် Psiphon VPN တခုကိုသာ အသုံးပြုနိုင်ပြီး  အခြားသော လူသုံးများသည့် (အခမဲ့) VPN များကို စစ်တပ်က ပိတ်ထားကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကာလအတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေသည့် မြို့နယ်အရေအတွက်သည် တစစဖြင့်မြင့်တတ်လာသည်ကို တွေ့ရှိရသည်။ ဧပြီလအတွင်း (၁၃၈) မြို့နယ်အထိ မြင့်တက်လာခဲ့ခြင်းသည် စစ်တပ်မှ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည့်အပြင် စစ်ကိုင်းငလျင် လှုပ်ခတ်မှု၏ နောက်ဆက်တွဲ အပျက်အစီးများကြောင့်ဟု သိရှိရသည်။

(ပုံ-၁) ၂၀၂၅ ခုနစ်အတွင်း လအလိုက် ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်စုစုပေါင်းစာရင်း

လေ့လာတွေ့ရှိချက်များအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ ဆက်သွယ်ရေး လိုင်းပြတ်တောက်နေသည့် မြို့နယ်စုစုပေါင်း (၁၃၁) မြို့နယ်ခန့်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ အရာတော်၊ ဘုတလင်၊ ကန့်ဘလူ၊ ကနီ၊ ကောလင်း၊ မင်းကင်း၊ မြောင်၊ ပုလဲ၊ ပင်လည်ဘူး၊ ဆားလင်းကြီး၊ ဝန်းသို၊ ရေဦး၊ ချင်းပြည်နယ်မှ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ တီးတိန်၊ ထန်တလန်၊ တွန်းဇန်၊ မကွေးတိုင်းဒေသကြီးမှ ဂန့်ဂေါနှင့် ထီးလင်း အစရှိသည့် မြို့နယ်များ၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည်မှာ (၄) နှစ် ကျော်ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ကရင်နီပြည်နယ်မှ ဒီးမော့ဆို၊ လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ ချင်းပြည်နယ်မှ ဟားခါး၊ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦး၊ ကလေးဝ၊ လဟယ်၊ လေရှီး၊ ဖောင်းပြင်၊ ခင်ဦးနှင့် စစ်ကိုင်းမြို့နယ်များ၌ (၃) နှစ်ကျော်၊ ဝက်လက်၊ မုံရွာ၊ ဒီပဲယင်း၊ ဟုမ္မလင်း၊ မင်းဘူး၊ ကရင်နီပြည်နယ်မှ ဖရူဆိုမြို့နယ်များ၌ (၂) နှစ်ကျော်၊ ရှမ်းပြည်နယ်မှ သိန္နီ၊ မူဆယ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ ပင်လောင်း၊ ဆီဆိုင်၊ ကချင်ပြည်နယ် ဗန်းမော်၊ ချီဖွေ၊ ဖားကန့်၊ အင်ဂျန်းယန်၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ မံစီ၊ မိုးကောင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ နောင်မွန်း၊ ပူတာအို၊ ရွှေကူ၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဆော့လော်၊ ဝိုင်းမော်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့်၊ မွန်ပြည်နယ်မှ ရေး၊ မန္တလေးတိုင်းဒေသကြီးမှ မိုးကုတ်နှင့် ကရင်နီပြည်နယ်မှ ရှားတောတွင် (၁) နှစ်ကျော်မျှ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိသည်။ စစ်တပ်၏ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခြင်းကို လေ့လာကြည့်ရာတွင် အဓိကအားဖြင့်

၁။ စစ်ရေးအသာစီးရယူနိုင်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များအချင်းချင်း ချိတ်ဆက်မှုကို ဖြတ်တောက်၍ အင်အား ကျဆင်းစေရန်။ 

၂။ ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်အတွက် သတင်းစီးဆင်းမှုကို ရန့်တန့်စေရန်။

၃။ သတင်းတု၊ သတင်းမှားများနှင့် ဝါဒဖြန့်ချီရေးလုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်ရန် စသည့် ရည်ရွယ်ချက် ၃-ချက်အပေါ်အခြေခံသည်ဟု တွေ့ရှိရသည်။

အသေးစိတ်ဖိတ်ရန် MM | ENG

Leave a Reply

Your email address will not be published. Required fields are marked *

You missed