မြန်မာ့တော်လှန်ရေးကာလ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် – ဥပဒေပြဋ္ဌာန်းချက်နှင့် လက်တွေ့ကွာဟချက်

မြန်မာ့တော်လှန်ရေးကာလ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် – ဥပဒေပြဋ္ဌာန်းချက်နှင့် လက်တွေ့ကွာဟချက်

၁။ မိတ်ဆက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာသမိုင်းကြောင်းတွင် အချိုးအကွေ့ကြီးတခု ဖြစ်စေခဲ့သည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းယူမှုသည် ထိုစဉ်က တည်ဆဲဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ (၄၁၇)နှင့် (၄၁၈) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကာ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့်သူ ကိုယ်တိုင်က ဥပဒေကို ဖောက်ဖျက်ခဲ့သည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းကြောင်း (ကြေညာချက်အမှတ် ၂/၂၀၂၁ ဖြင့်) တရားဝင် ကြေညာခဲ့သည်။

ဤဆုံးဖြတ်ချက်သည် အာဏာသိမ်းမှုကို ဖွဲ့စည်းပုံနှင့်အညီ ထိန်းသိမ်းခြင်းဖြစ်သည် ဟူသည့်  စစ်ကောင်စီ၏ ဇာတ်ကြောင်းကို ဥပဒေကြောင်းအရ ပယ်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်။​ သို့သော် အခြားတဖက်တွင် နိုင်ငံတော်အဆင့် ဖွဲ့စည်းပုံဥပဒေမဲ့သွားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကွက်လပ်ကို ဖြစ်ပေါ်စေခဲ့သည်။ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး ယန္တရားများ ယိုယွင်းပျက်စီးမသွားစေရန်နှင့် တော်လှန်ရေး၏ တရားဝင်မှုကို တည်ဆောက်ရန်အတွက် ဤကွက်လပ်ကို အစားထိုး ဖြည့်ဆည်းရန် အရေးတကြီးလိုအပ် လာသည်။

ဤလိုအပ်ချက်အရ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter – FDC) ကို စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာသည့် တော်လှန်ရေးအစုအဖွဲ့များက ၂၀၂၁ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။ ဤပဋိညာဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နေရာတွင် အစားထိုးလိုက်သည့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောသက်ရောက်သည့် အမြင့်ဆုံး ဥပဒေမူဘောင်ဖြစ်လာသည်။ ထို့နောက် ၂၀၂၃ ခုနှစ်မှစတင်၍ တော်လှန်ရေးနယ်မြေ ဒေသအသီးသီးကလည်း ကြားကာလနိုင်ငံရေး အစီအမံများကို ရေးဆွဲပြဌာန်းလာကြသည်။ ပထမဆုံးအနေဖြင့် ကရင်နီပြည်၏ ကြားကာလ အစီအမံထွက်ပေါ်လာ ပြီးနောက် ချင်းဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စစ်ကိုင်း ဖက်ဒရယ် ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မန္တလေးဒေသ ကြားကာလနိုင်ငံရေး အစီအမံ စသည်ဖြင့် အသီးသီး ပေါ်ထွက်လာကြသည်။

ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပြီး နောက် ဖြစ်ပေါ်လာသော ဥပဒေကွက်လပ်ကို ဖြည့်ဆည်းပေးရုံသာမက၊ တော်လှန်ရေး အင်အားစုများ၏ တရားဝင်မှု (Legitimacy)ကိုတည်ဆောက်ရာတွင်လည်းကောင်း၊ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်ကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် လည်းကောင်း အဓိကအုတ်မြစ်အဖြစ် ပါဝင်နေသည်။ အထူးသဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများကို  ကာကွယ်ရန်အတွက် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့အကြား ချုပ်ဆိုထားသော လူမှုပဋိညာဉ် (Social Contract) လည်း ဖြစ်သည်။

စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရှင်နှင့် အဖွဲ့အစည်းဆိုင်ရာ စီးပွားရေးပညာရှင် Douglass C North က သူ၏ အဖွဲ့အစည်းဆိုင်ရာ သီအိုရီတွင် နိုင်ငံတနိုင်ငံ၏ အုတ်မြစ်ကို စတင် ချမှတ်ရာတွင် အသုံးပြုခဲ့သည့် စံနှုန်းများသည် ထိုနိုင်ငံ၏ အနာဂတ် နိုင်ငံရေး ပုံသဏ္ဍာန်ကို အဆုံးအဖြတ်ပေးလေ့သည်ဟု အခိုင်အမာဆိုထားသည်။ သို့ဖြစ်ရာ အနာဂတ် ဖက်ဒရယ်ယူနစ်များ၏ အသက်ဝိဉာဉ်သဖွယ် ဖြစ်လာမည့် ဤအခြေခံအုတ်မြစ်များ အတွင်း၌ ဒီမိုကရေစီစနစ်၏ အခြေခံလိုအပ်ချက်ဖြစ်သော လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို မည်သို့ ထည့်သွင်းပြဋ္ဌာန်းထားသည်၊ မည်မျှအတိုင်းအတာထိ အာမခံချက် ပေးထားသည်ဆိုသည့်အချက်ကို လေ့လာဆန်းစစ်ရန်မှာ မလွဲမသွေ လိုအပ်လာသည်။

ဤသုတေသနသည် ၂၀၀၈ ဖွဲ့စည်းပုံ ပျက်သုဉ်းပြီးနောက် ပေါ်ထွက်လာသော ဥပဒေ မူဘောင်သစ်များဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်နှင့် တော်လှန်ရေး အားကောင်းသော ဒေသကြီး (၃) ခုဖြစ်သည့်  ကရင်နီပြည်၊ စစ်ကိုင်းဒေသနှင့်  မန္တလေးဒေသ တို့၏ ကြားကာလ ဥပဒေစာတမ်းများတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မည်သို့ ပြဋ္ဌာန်းထားသည်ကို လေ့လာခြင်းနှင့် လက်တွေ့မြေပြင်တွင် မည်မျှအကာအကွယ် ပေးနိုင် သည်ကို ဆန်းစစ်ခြင်းတို့ကို နှိုင်းယှဉ်လေ့လာထားသည်။ ဥပဒေပြဋ္ဌာန်းချက်များနှင့် လက်တွေ့ကျင့်သုံးမှုအကြား ကွာဟချက်များ၊ လုံခြုံရေးကို အကြောင်းပြ၍ ကန့်သတ် ချက်များနှင့် ပြည်သူလူထု၏ မိမိကိုယ်ကို ဆင်ဆာဖြတ်ခြင်း ဖြစ်စဉ်များကို ဖော်ထုတ် တင်ပြထားပါသည်။

၂။ နောက်ခံအကြောင်းအရာ

၂.၁။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများ

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) သည် ဒီမိုကရေစီ လူ့ဘောင်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်း (UDHR) အပိုဒ် ၁၉နှင့် အပြည်ပြည်ဆိုင်ရာနိုင်ငံသားရေးနှင့် နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ် (ICCPR) အပိုဒ် (၁၉) တွင် အတိအလင်း အသိအမှတ် ပြုထားသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုခွင့်တွင် အမြင်နှင့် အယူအဆကို ကိုင်ဆောင်ခြင်း၊ သတင်းအချက်အလက်များကို ရှာဖွေခြင်း၊ လက်ခံရယူခြင်းနှင့် ဖြန့်ချိခြင်း တို့အပြင် သတင်းမီဒီယာ၊ အနုပညာ၊ ပညာရေးနှင့် ဒစ်ဂျစ်တယ် နယ်ပယ်များအတွင်း လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်များ အားလုံးကို အကျုံးဝင်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း၊ အပိုဒ် (၁၉) နှင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးသဘောတူစာချုပ် (ICCPR)နှင့် သက်ဆိုင်သည့် အထွေထွေ ဖွင့်ဆိုချက် အမှတ် (၃၄) (General Comment No. 34) အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို ကန့်သတ်နိုင်သည့် အခြေအနေများသည် ၁) ဥပဒေပြဌာန်းချက်နှင့် အညီဖြစ်ရမည်၊ ၂) ခိုင်လုံသော အကြောင်းပြချက်ရှိရမည်၊ ​၃) ကန့်သတ်ချက်သည် မဖြစ်မနေ လိုအပ်ချက် ရှိပြီး အချိုးအစားညီမျှရမည်ဟူသော စံချိန်စံနှုန်းများနှင့် ကိုက်ညီရမည်ဟု သတ်မှတ်ထား သည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခကာလ အခြေအနေကို သုံးသပ်ကြည့်ပါက ဤနိုင်ငံတကာ စံနှုန်းများနှင့် လက်တွေ့ကျင့်သုံးမှုအကြား ကွာဟချက်များရှိနေသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ပေါ်ပေါက်လာသော ကြားကာလ နိုင်ငံရေးအစီအမံများနှင့် ဥပဒေမူဘောင် များတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထည့်သွင်းအသိအမှတ် မပြုထားခြင်း (သို့မဟုတ်) အသိအမှတ် ပြုထားသော်လည်း မရေရာသော အကြောင်းပြချက် များဖြင့် ပြန်လည် ကန့်သတ်ထားခြင်းများ ရှိနေသည်။ ထို့အပြင် ဥပဒေပြဋ္ဌာန်းချက်များတွင် အတိအလင်း ကန့်သတ်ထားခြင်း မရှိသည့်တိုင် မြေပြင်လက်တွေ့တွင် ဒေသန္တရ အမိန့် အာဏာများ၊ ထုတ်ပြန်ချက်များ၊ အကြောက်တရားနှင့် ကောလာဟာလများအပေါ် အခြေခံ ၍ ကန့်သတ်ပိတ်ပင်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။

၂.၂။ မြန်မာနိုင်ငံ၏ တော်လှန်ရေးကာလ အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာ မူဘောင်များ

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (FDC) သည် ဗဟိုအဆင့် ကြားကာလအစီအမံဖြစ် သော်လည်း၊ လက်တွေ့ မြေပြင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များကိုမူ ဒေသ အသီးသီးမှ ပြဋ္ဌာန်းထားသော ကြားကာလ နိုင်ငံရေး အစီအမံများ (Interim Arrangements) နှင့်အညီ ကျင့်သုံးရန် ပြဌာန်းထားသည်။ ဤသုတေသနတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးရာ၌ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ကွဲပြားခြားနားပုံကို လေ့လာနိုင်ရန် အတွက် အုပ်ချုပ်ရေးပုံစံ မတူညီသော အောက်ပါ ဒေသ (၃) ခုကို နှိုင်းယှဉ်လေ့လာ ထားသည်။

ကရင်နီပြည်။ ။ ခိုင်မာအားကောင်းသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (ERO) များ၏ အစဉ်အလာနှင့်အတူ၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကဲ့သို့သော ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ယန္တရားများကို စနစ်တကျ ဖွဲ့စည်းထားရှိပြီး၊ ပြည်နယ် အစိုးရတရပ် သဏ္ဍာန် ကျင့်သုံးနေသော ဒေသဖြစ်သည်။

စစ်ကိုင်းဒေသ။ ။ လက်နက်ကိုင် တော်လှန်ရေး အားအကောင်းဆုံး ဒေသဖြစ်သော်လည်း၊ ဗဟိုအမိန့်ပေးကွပ်ကဲမှု စနစ်ထက် မြို့နယ်အလိုက် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)များ၊ ကာကွယ်ရေးအဖွဲ့များ၏ စုပေါင်းခေါင်းဆောင်မှုနှင့် ဒေသန္တရ လုပ်ပိုင်ခွင့်ကို အားပြုနေရသော ဒေသဖြစ်သည်။

မန္တလေးဒေသ။ ။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား သက်ရောက်မှုရှိနေဆဲဖြစ်ပြီး၊ တော်လှန်ရေး အင်အားစုများအနေဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို စင်ပြိုင် ဖော်ဆောင်နေရသော ဒေသဖြစ်သည်။

ဤကဲ့သို့ ကွဲပြားခြားနားသော အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာ နောက်ခံအခြေအနေ များက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို လေ့လာခြင်းဖြင့်၊ အနာဂတ် ဖက်ဒရယ်ယူနစ်များ တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစား ရမည့် မူဝါဒဆိုင်ရာ အားနည်းချက်နှင့် အားသာချက်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

၂.၃။ သုတေသနရည်ရွယ်ချက်

အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေး၏ အုတ်မြစ်ဟု ခေါ်ဆိုနိုင်သည့် တော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်လာသော ဥပဒေမူဘောင်များနှင့် ကြားကာလ အုပ်ချုပ်ရေး ယန္တရားများအောက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ကို မည်မျှအတိုင်းအတာထိ အကာအကွယ် ပေးထားသည်ကို လေ့လာရန်နှင့် လက်တွေ့ မြေပြင်တွင် ကြုံတွေ့နေရသော ကန့်သတ်ချက်များ၊ စိန်ခေါ်မှုများကို ဆန်းစစ်ရန် ယေဘုယျ အားဖြင့် ရည်ရွယ်သည်။

ဤသုတေသနကို အောက်ပါ ရည်ရွယ်ချက် (၄) ရပ်ဖြင့် ဆောင်ရွက်ထားပါသည်။ –

  1. ဥပဒေမူဘောင်များကို ဆန်းစစ်ရန်။ ။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် ဒေသဆိုင်ရာ (ကရင်နီ၊ စစ်ကိုင်း၊ မန္တလေး) ကြားကာလ နိုင်ငံရေးအစီအမံများတွင် ပါရှိသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များသည် နိုင်ငံ  တကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာဆန်းစစ်ရန်။
  2. မြေပြင်လက်တွေ့ အခြေအနေကို ဖော်ထုတ်ရန်။ ။ လုံခြုံရေး အကြောင်း ပြချက်၊ ဒေသန္တရ အမိန့်အာဏာများနှင့် စစ်ရေးပဋိပက္ခများကြောင့် သတင်းမီဒီယာများနှင့် ပြည်သူလူထုအပေါ် သက်ရောက်နေသော ကန့်သတ်ချက်များကို လေ့လာ ဖော်ထုတ်ရန်။
  3. ကွာဟချက်များကို နှိုင်းယှဉ်လေ့လာရန်။ ။ စာရွက်ပေါ်ရှိ ဥပဒေပြဋ္ဌာန်းချက်များ နှင့် လက်တွေ့ မြေပြင် ကျင့်သုံးမှုများအကြား ကွာဟချက်များ နှင့် ယင်းကွာဟချက် ဖြစ်ပေါ်စေသော အဓိက အကြောင်းရင်း များကို နှိုင်းယှဉ်လေ့လာရန်။
  4. မူဝါဒဆိုင်ရာ အကြံပြုချက်များတင်ပြရန်။ ။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်များ ချမှတ်ရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုခိုင်မာစွာ ကာကွယ် ပေးနိုင်မည့် မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြံပြုချက်များကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဖက်ဒရယ်ယူနစ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများထံ တင်ပြရန်။

ဆက်ဖတ်ရန် > MM | ENG

Leave a Reply

Your email address will not be published. Required fields are marked *