
အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမဆန်သည့် လုပ်ရပ်များကို လေ့လာဖော်ထုတ် ရေးသားခြင်းများမှ ကာကွယ်နိုင်ရန်အတွက် သတင်းထောက်များနှင့် သတင်းမီဒီယာလုပ်ငန်းများကို ယနေ့အချိန်အထိ အစဉ်တစိုက် ကန့်သတ်ဖိနှိပ်လျက်ရှိသည်။
အသံအဖွဲ့၏ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များအရ ၂၀၂၄ ခုနှစ်၊ မေလအတွင်း၌ ပြည်တွင်းတွင် နေထိုင်လျက်ရှိပြီး နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းတခုတွင် သတင်းလုပ်ငန်းများကို လုပ်ဆောင်နေ့သည့် သတင်းထောက်တဦး ဖမ်းဆီးထိန်သိမ်းခံခဲ့ရသည်ကို တွေ့ရှိရသည်။ မည်သည့်အကြောင်းများကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသည်ကို မသိရှိရသေးသည့်တိုင် ထိုသူသည် ဖမ်းဆီးခံရအပြီး တပတ်အတွင်းတွင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရှိရသည်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ထိုသတင်းထောက်၏ နာမည်၊ နေရပ်လိပ်စာ၊ လုပ်ငန်းအဖွဲ့အစည်း စသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို လုံခြုံရေးအရ ထိန်းသိမ်းထားသည်။
Monitoring Media Repression in Myanmar

Monitoring Media Repression in Myanmar
Violation of Free Speech in May 2024
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ဆက်လျဉ်း၍ ၂၀၂၄ ခုနှစ်၊ မေလအတွင်း ကောက်ယူရရှိထားသည့် အချက်အလက်များအရ တလတာအတွင်း အမျိုးသမီး နှစ်ဦး နှင့် အမျိုးသား နှစ်ဦး၊ စုစုပေါင်း လေးဦး ဖမ်းဆီးအရေးယူခြင်းခံခဲ့ရသည်။ နှစ်ဦးမှာ သာမန်ပြည်သူဖြစ်ပြီး နောက်နှစ်ဦးမှာ အနုပညာရှင်များဖြစ်ကြပြီး ၎င်းတို့အား ပြင်းထန်ကြီးလေးသော အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်များဖြင့် တရားစွဲအရေးယူထားသည်ကို တွေ့ရသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းများသည် အာဏာသိမ်းရန် စတင်ကြိုးပမ်းသည့်အချိန်မှစ၍ ယနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စနစ်တကျ ကန့်သတ်နိုင်ရန်အတွက် ပြည်သူလူထုများအကြား အသုံးပြုလျက်သည့် အင်တာနက်လူမှုစာမျက်နှာများ၊ ဖန်တီးထုတ်ဝေသော ရုပ်ရှင်နှင့် ဗီဒီယိုများ၊ သတင်းစာမျက်နှာများကို အနီးကပ် အစဉ်တစိုက် စောင့်ကြည့်လျက်ရှိသည်ကို တွေ့ရသည်။
ဖမ်းဆီးခံရသည့်အမှုများ
၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် အောင်ချမ်းသာရွာ၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းရှိ ဦးညွန့်ဝေနှင့် ၎င်း၏ အသက် (၂၀) အရွယ် သားဖြစ်သူနှင့်အတူ စစ်ကိုင်းတိုင်းအခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ သားဖြစ်သူ၏ ဖုန်းအား အာဏာသိမ်းစစ်တပ်မှ စစ်ဆေးပြီး PDF များနှင့် ဆက်သွယ်သည်ဟုဆိုကာ အဆိုပါ လူငယ်အား ရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။ သေဆုံးသွားသူ၏ အလောင်းကို ပေးအပ်ခြင်းမရှိသကဲ့သို့ ဦးညွန့်ဝေအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အချိန်မှစ၍ ယနေ့ချိန်ထိ မည်သည့်နေရာတွင် ပြောင်းရွှေ့ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရပေ။
၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့တွင် “အချစ်ခံကြည့်” ဖန်တီးရိုက်ကူးသူများဖြစ်သည့် ဗညားဘုန်းပြည့်နှင့် ဇာတ်ညွှန်းရေးသူ ရွှေစုတို့နှစ်ဦးအား အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်းခံရသည်။ အဆိုပါ သီချင်း MTV ထဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်နေသည့် လိင်ပိုင်းဆိုင်ရာ အသားပေးသရုပ်ဆောင်ချက်များပါဝင်သည့် ဇာတ်ဝင်ခန်းများပါရှိသည့်အတွက်ဟုဆိုကာ ပုဇွန်တောင်ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ တခြားရိုက်ကူးရေးအဖွဲ့ဝင်များဖြစ်သည့် ထုတ်လုပ်သူ ဖူးပွင့်သခင်၊ တေးရေးမင်းစည်သူနှင့် ဒါရိုက်တာ Kina တို့လည်း အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။
အမိန့်ချခံရသူအရေအတွက်
မေလ ၂၀၂၄ ခုနှစ်၌ စစ်ကိုင်းတိုင်းအတွင်းတွင် အမျိုးသမီးတဦးနှင့် အမျိုးသားတဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အရေးယူထောင်ချခံခဲ့ရသည်။
၂၀၂၄ ခုနှစ် မေလ၊ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုသည် ယခင်နှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကိုင်းတိုင်းမှ ဒေါ်ထားထားဦးအာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် လေးနှစ် ထောင်ဒဏ်ကျခံစေရန် အမိန့်ချခဲ့သည်။ ဒေါ်ထားထားဦးသည် CDM လုပ်ရန် တိုက်တွန်းခြင်းများနှင့် NUG စာသင်ကြားရေးတွင် ပါဝင်လုပ်ဆောင်ခြင်းများကြောင့်ဟုဆိုကာ ၎င်း၏ မိသားစုဝင်ခြောက်ဦးနှင့်အတူ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ဖမ်းဆီးခံရအပြီး နောက်တနေ့တွင် မိသားစုဝင်များအားပြန်လည် လွှတ်ပေးခဲ့သော်လည်း သူမအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုကာ ဆက်လက်ထိန်းသိမ်းထားသည်။ အမိန့်မချမှီ ဖမ်းဆီးထိန်းးသိမ်းထားသည့် ကိုးလကျော်ကာလအတွင်း တရားရုံးကြားနာမှုဖြစ်စဉ်များနှင့် သူမ၏ အခြေအနေအရပ်ရပ်ကို မိသားစုဝင်များက သိရှိရခြင်းမရှိခဲ့ပေ။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းမှ ဖိုးသား (ခ) နေလင်းဦးအား အာဏာသိမ်းစစ်တပ်မှ PDF အဖွဲ့နှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတခုဖြင့် ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့သည်။ ၎င်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဥ် မိုဘိုင်းဖုန်းအား စစ်ယူကာ PDF နှင့်ဆက်သွယ်ထားသော မက်ဆေ့ချ်များကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဤအချက်သည် မြန်မာနိုင်ရှိ ပြည်သူလူထုတိုင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်လုံခြုံမှုများမှာ အနှုတ်လက္ခာဏာဆောင်ရုံတင်မကဘဲ အချိန်မရွေး ချိုးဖောက်ခံနေရသည်ကို ထောက်ပြလျက်ရှိသည်။