၂၀၂၄ခုနှစ် ဖေဖော်ဝါရီလနှင့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ၏ လ-နှစ်လတာ အချက်အလက်များအားအခြေခံ၍ အကြမ်းမဖက်လူထုလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်မှုများ၌ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားလျော့နည်းလာရသည့် (ဖြစ်နိုင်ချေရှိသော) အကြောင်းအရင်းများအား လေ့လာသုံးသပ်ခြင်း

နိဒါန်း
မြန်မာစစ်တပ်သည် လူ့ရပိုင်ခွင့်များထဲမှ အခြေခံအကျဆုံးဖြစ်သည့် လွတ်လပ်စွာထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်အား ကဏ္ဍပေါင်းစုံမှ ရရာနည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်၊ ကန့်သတ်လာခဲ့သည်မှာ ခေတ်အဆက်ဆက်ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ယခုနွေဦးတော်လှန်ရေး စတင်ခဲ့သည့်အချိန်၌လည်း စစ်တပ်သည်အကြမ်းဖက်လုပ်ရပ်များဖြင့်သာ ပြည်သူလူထု၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများအား ထပ်မံထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြန်လေသည်။ ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုများ အားကောင်းလာသည့်နှင့်အမျှ စစ်တပ်သည် ပူးပေါင်းပါဝင်သည့်မည်သူ့ကိုမဆို ရိုက်နှက်ဖမ်းဆီးခြင်း၊ တရားစွဲထောင်ချခြင်းအစရှိသည့် အကြမ်းဖက်မှုများကို တဖက်တွင်အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်လာခဲ့ကြောင်း ၂၀၂၁ခုနှစ် အစောပိုင်းကာလများ၌ အထင်းသားတွေ့မြင်နိုင်သည်။ ဖော်ပြပါအကြမ်းဖက်နည်းဗျူဟာများအား အသုံးပြု၍ စစ်တပ်သည်၎င်းတို့၏တရားမဝင်အာဏာသိမ်းယူမှုအား စာဖြင့်ရေးသားဖော်ပြခြင်းသော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း၊ အတွေးအခေါ်အားဖြင့်သော်လည်းကောင်း ဆန့်ကျင်ကန့်ကွက်သည့် လူထုအား အကြောက်တရားသွတ်သွင်းခဲ့သည်။
ဤစာတမ်းတိုသည် အကြမ်းမဖက်လှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်မှုများ၌ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုအား လျော့နည်းလာရသည့် (ဖြစ်နိုင်ချေရှိသော) အကြောင်းအရင်းများအား ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်၏ ဖေဖော်ဝါရီလ နှစ်လတာအတွင်း ပြည်သူလူထုမှဖော်ဆောင်ခဲ့သော အကြမ်းမဖက်လူထုလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည့် ဖြစ်စဥ်များအားအခြေခံကာ နှိုင်းယှဉ်လေ့လာပြုစု၍ သုံးသပ်ရေးသားထားသည်။ စစ်တပ်အားထောက်ခံသည့် ဆန္ဒပြပွဲများအချို့လည်း ဖော်ပြပါဖေဖော်ဝါရီလများ၌ ထွက်ပေါ်ခဲ့ကြသော်လည်း ယခုစာတမ်းတို၌ထည့်သွင်းဖော်ပြ၍ တွက်ချက်ထားခြင်းမရှိပေ။
မြန်မာစစ်တပ်၏ အာဏာသိမ်းယူမှု အလုံးစုံမအောင်မြင်ကြောင်း ဤလေးနှစ်ကျော်ကာလအတွင်း ပြည်သူများမှ စဥ်ဆက်မပြတ် ဖော်ဆောင်လာခဲ့ကြသော အကြမ်းမဖက်လှုပ်ရှားမှုများအား ခြုံငုံလေ့လာကြည့်လျှင် သိနိုင်ပေသည်။ စစ်တပ်အားဆန့်ကျင်သော လူစုလူဝေးဖြင့်စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်သည့်သပိတ်များ၊ ကမ်ပိန်းများ၊ အသံတိတ်သပိတ်နှင့် ပြောက်ကြားသပိတ်များသည် နှစ်စဥ် ဖေဖော်ဝါရီလများ၌ အာဏာသိမ်းနှစ်ပတ်လည်အဖြစ် ဖိနှိပ်ကန့်သတ်မှုကြားများကပင် အများအပြားဖော်ဆောင်လေ့ရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်၏ ဖေဖော်ဝါရီလနှစ်လတာအတွင်း (မြေပြင်) နိုင်ငံရေးအခြေအနေပေါ်မူတည်၍ ပြောင်းလဲလာသော လူထုလှုပ်ရှားမှုများအပေါ် ပြန်လည်လေ့လာသုံးသပ်ခြင်းဖြင့် ပြည်သူလူထု၏ယုံကြည်ချက်များနှင့်အတူ တဖက်တွင် စစ်တပ်၏ဗျူဟာကျကျချည်းကပ်လာသည့် နိုင်ငံရေးကစားကွက်များအား ရှု့မြင်နိုင်ပေသည်။ ၄င်းအပြင် တော်လှန်ရေးအင်အားစုများမှ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ အခွင့်အရေးအပေါ်ထားရှိသည့် ၎င်းတို့၏ထင်မြင်၊ ယူဆချက်များကိုလည်း တဆက်တည်းလေ့လာနိုင်သည်။
လေ့လာတွေ့ရှိချက်များ

လေ့လာတွေ့ရှိချက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှောင်းပိုင်းမှစ၍ အကြမ်းဖက်စစ်တပ်မှ မြို့နယ်အများစုတွင် ၎င်းတို့လက်အောက်ခံမီးသတ်၊ ထွေအုပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လူနေရပ်ကွက်များအတွင်း လူစည်ကားစေရန်ရည်ရွယ်ချက်ဖြင့် ကားများဖြင့်လှည့်လည်၍ပရိတ်ရွတ်ခြင်း၊ ဆိုင်ခန်းများမဖွင့်လျှင် ဖမ်းဆီးမည်ဟူသည့် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည့်တိုင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံဒေသအသီးသီး၌ စစ်အာဏာရှင်အားဆန့်ကျင်သည့် အကြမ်းမဖက်လူထုလှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲစုစုပေါင်း (၄၀၉) ကြိမ်ကျော်ထွက်ရှိခဲ့သည်။ ကောက်ယူရှရိထားသည့်စစ်တမ်းများအရ အသံတိတ်သပိတ် ၆၂-ကြိမ်၊ လူစုလူဝေးဖြင့်စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်သည့်သပိတ် ၂၄၈-ကြိမ်၊ ပြောက်ကြားသပိတ် ၁၂-ကြိမ်၊ အာဏာသိမ်းမှုအားဆန့်ကျင်သည့်အထွေထွေကမ်ပိန်း ၃၃-ကြိမ်၊ အဖြူရောင်ကမ်ပိန်း ၂၀-ကြိမ်၊ ထောင်တွင်းသပိတ် ၅-ကြိမ်နှင့် ဗုဒ္ဓသားတော်များသပိတ် ၂၉-ကြိမ်တို့ အသီးသီးထွက်ပေါ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု အကြိမ်ရေစုစုပေါင်း (၁၄၃) ကြိမ်ကျော် ထွက်ပေါ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်သောဆန္ဒထုတ်ဖော်မှုများထဲတွင် စစ်ကိုင်းတိုင်းဒေသသည် အကြိမ်ရေအများဆုံးဖော်ဆောင်နိုင်သည့် ဒေသတခုအဖြစ်တွေ့ရှိရပြီး ဆန္ဒထုတ်ဖော်မှုပေါင်း (၁၀၅) ကြိမ်မျှရှိခဲ့သည်။ စစ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူစုလူဝေးဖြင့်စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်သည့်သပိတ် ၁၂၆-ကြိမ်၊ ပြောက်ကြားသပိတ် ၇-ကြိမ်၊ အာဏာသိမ်းမှုအားဆန့်ကျင်သည့်အထွေထွေကမ်ပိန်း ၁၀-ကြိမ်မျှ အသီးသီးထွက်ပေါ်ခဲ့သည်။
(မှတ်ချက်။ ။ အထက်ဖော်ပြပါကိန်းဂဏန်းများသည် အသံအဖွဲ့မှ ကောက်ယူရရှိထားသည့် အချက်အလက်များကိုသာအခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။)
၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်၏ ဖေဖော်ဝါရီလနှစ်လတာအတွင်း ပြည်သူလူထုမှဖော်ဆောင်ခဲ့ကြသည့် အကြမ်းမဖက်လူထုလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်မှု ဖြစ်စဥ်များအား နှိုင်းယှည်တွက်ဆကြည့်ပါက အရေအတွက်မှာသိသိသာသာကွာဟနေကြောင်း တွေ့ရှိရမည်ဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူကြောင်းထုတ်ပြန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်သူလူထုမှ တစိုက်မက်မက်အားသွန်ခွန်စိုက် ပူးပါဖော်ဆောင်ခဲ့ကြသော အသံတိတ်သပိတ်များသည် ၂၀၂၅၊ ဖေဖော်ဝါရီလအတွင်း မရှိသလောက်လျော့နည်းလာကြောင်းတွေ့ရသည်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုများအား အကြမ်းဖက်ပစ်ခတ်၊ ဖြိုခွင်းကာ ဦးဆောင်သူများနှင့် ပူးပေါင်းပါဝင်သူများအား ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်သည့် စစ်တပ်၏နည်းဗျူဟာသည် လူ့အသက်အားခြိမ်းခြောက်ရန်မူနိုင်သည့် အပ်တိုတချောင်းမျှပင်ကိုင်ဆောင်ထားခြင်းမရှိသည့် ပြည်သူလူထုအား အလွန်တရာထိတ်လန့် ကြောက်ရွံ့စေခဲ့လေသည်မှာ ငြင်းဆိုဖွယ်ရာမရှိပေ။ သည့်အပြင် ၂၀၂၄၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၌ စစ်တပ်ထုတ်ပြန်ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည်လည်း အကြမ်းမဖက်လူထုလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခြင်းများ၌ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အားလျှော့နည်းလာခြင်း၏ နောက်ထပ်အကြောင်းရင်းတရပ်ဟု ဆိုနိုင်သည်။ ထိုစစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုမှာ လက်ရှိတွင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြရလေသည်။
အကြမ်းမဖက်လူထုလှုပ်ရှားများမှ လက်နက်ကိုင်တော်လှန်ရေးဆီသို့
ပြည်သူလူထုသည် လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းရန် ကြိုးပမ်းလာသည့်စစ်တပ်အား “ဖိနှိပ်မခံ ပြန်တွန်းလှန်” ဟူသည့်ဆောင်ပုဒ်အတိုင်း အကြမ်းမဖက်လူထုလှုပ်ရှားမှုများနည်းတူ လက်နက်ကိုင်တန်ပြန်တော်လှန်ခြင်းသည်လည်း လက်တွေ့ကျကာထိရောက်မည့် နည်းလမ်းတခုဟု သဘောပေါက်နားလည်ကာ လက်နက်ကိုင်တော်လှန်ခြင်းကိုလည်း တဖက်တွင်ရွေးချယ်လာခဲ့ကြသည်။ ထိုကြောင့်ပင် စစ်တပ်မှမတရားသိမ်းယူထားသည့် ပြည်သူ့အာဏာအား ပြည်သူလူထုထံသို့ပြန်လည်အပ်နှံနိုင်ရန်အလို့ငှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်ကြား ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရခြင်း၏ အက္ခရာကျသည့် အကြောင်းရင်းတရပ်ဖြစ်ပေသည်။ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲများ၊ ကမ်ပိန်းများ၊ လူထုလှုပ်ရှားမှုအမျိုးမျိုးနှင့် ပြောက်ကြားသပိတ်များ ဖော်ဆောင်ကြိမ်အရေအတွက်သည် ယခင်အစောပိုင်းနှစ်များနှင့် နှိုင်းယှဉ်ကြည့်ပါက သိသိသာသာလျော့နည်းလာသော်လည်း ပြည်သူလူထုသည် ရောက်ရာနေရာမှ ရရာနည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်စစ်တပ်အား ဆက်လက်တော်လှန်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
စစ်တပ်ထိုးစစ်ဆင်မှုတိုးမြှင့်လာခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏တုန့်ပြန်မှု
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပြည်သူလူထုသည် အကြမ်းမဖက်လူထုလှုပ်ရှားမှုများနည်းတူ တဖက်တွင် လက်နက်ကိုင်တန်ပြန်တော်လှန်လာသည့်နောက်ပိုင်း စစ်တပ်သည် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ နယ်မြေစိုးမိုးမှုရရှိထားသည့်ဒေသများသို့ အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်မီးရှိ့၊ သတ်ဖြတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများအား တရပ်ဆက်ကျူးလွန်လာခဲ့သည်။ သို့သော်လည်း နောက်ပိုင်းကာလများ၌ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှု၊ ငွေကြေးဆိုင်ရာအထောက်အပံ့၊ အားပေးထောက်ခံမှုများနှင့်အတူ ဒေသခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များသည် ယခင်ထက်ချိတ်ဆက်မှုနှင့် စုဖွဲ့မှုပို၍အားကောင်းလာပြီးနောက် အကြမ်းဖက်စစ်တပ်အား ဦးတည်တိုက်ခိုက်သည့်ပူးတွဲစစ်ဆင်ရေးများ တန်ပြန်ဖော်ဆောင်လာနိုင်ခဲ့ပြီး လက်ရှိတွင်မြို့နယ်ပေါင်း (၉၆) မြို့နယ်အား တော်လှန်ရေးအင်အားစုများမှ ထိန်းချုပ်ထားနိုင်ကြောင်းတွေ့ရသည်။
သတင်းမီဒီယာကဏ္ဍအပြောင်းအလဲနှင့် နိုင်ငံတကာ၏ အာရုံစိုက်ခံရမှု
ဤအချက်သည် စစ်အာဏာရှင်အားတော်လှန်နေသည့် ပြည်သူလူထုအဖို့ “အကြမ်းမဖက်လှုပ်ရှားမှု” နှင့် “လက်နက်ကိုင်တော်လှန်ရေး” အကြား ဒွိဟများပို၍ဖြစ်ပေါ်လာစေပြီး အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ပြည်သူလူထုသည် လက်နက်ကိုင်တော်လှန်ရေးကိုသာ ပိုမိုအလေးပေးအာရုံစိုက်လာကြကြောင်း သုံးသပ်နိုင်သည်။ ထို့ကြောင့်ပင် ပြည်တွင်းသတင်းဌာနများ၏ ခေါင်းစီး(စဉ်း)ပိုင်းသတင်းများ၌ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် သက်ဆိုင်သည့်သတင်းများထက် စစ်တပ်နှင့်တော်လှန်ရေးတပ်များကြားမှ ထိတွေ့တိုက်ပွဲများနှင့် နောက်ဆက်တွဲဆက်စပ်သတင်းများသာ ပို၍နေရာယူလာခဲ့ကြောင်းတွေ့ရသည်။ မြန်မာ့နွေဦးတော်လှန်ရေးအား နိုင်ငံတကာ၏အာရုံစိုက်ခံရမှုလျော့ကျလာသည်နှင့်အမျှ နိုင်ငံတကာအဖွဲ့အစည်းများမှ ရရှိနေသည့် အထောက်အပံ့အကူအညီများလည်း တဆက်တည်းတွင် လျော့နည်းလာခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ဒေသခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်ဒေသများ၌ အကြမ်းမဖက်လူထုလှုပ်ရှားမှုများဖြစ်သည့် ဆန္ဒပြပွဲများ၊ ကမ်ပိန်းများနှင့် စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုအမျိုးမျိုးအား ဒေသခံပြည်သူများမှ ဆက်လက်ဖော်ဆောင်နေဆဲဖြစ်ပြီး လေ့လာတွေ့ရှိချက်များအရ ၎င်းဒေသအသီးသီးမှ ထွက်ပေါ်ခဲ့ကြသည့် အကြမ်းမဖက်လူထုလှုပ်ရှားမှု အကြိမ်အရေအတွက်သည် အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားဆဲဖြစ်သည့် ဒေသများထက် စဥ်ဆက်မပြတ်ပို၍သာလွန်ကြောင်း တွေ့ရှိရသည်။
ဥပဒေရေးရာ စိန်ခေါ်ချက်များနှင့် တရားဥပဒေပျက်သုံးခြင်း
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်ခြင်းဆိုင်ရာဥပဒကို ပြင်ဆင်သည့်ဥပဒေအား သမ္မတဦးသိန်းစိန်လက်ထက် (၂၀၁၄)ခုနှစ်၊ ဇွန်လ၊ (၂၄)ရက်နေ့၌ ပြင်ဆင်ပြဌာန်းခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအစိုးရမှ (၂၀၁၆)ခုနှစ်၊ အောက်တိုဘာလ၊ (၄)ရက်နေ့တွင် ထပ်မံပြဌာန်းထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေ၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်အား အတိုင်းအတာတခုထိ အကာအကွယ်ပေးထားသော်လည်း အချို့သောကဏ္ဍများ၌ လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ဥပဒေပါအချက်များအား ခြုံငုံသုံးသပ်ကြည့်ပါက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းအား ဥပဒေအရအကာအကွယ်ပေးမှု၌အားနည်းခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား တထောင့်တနေရာမှ ကန့်သတ်ထိန်းချုပ်ထားကြောင်းတွေ့ရှိရပြီး ဆက်လက်ပြင်ဆင်မွမ်းမံရန် လိုအပ်လျက်ရှိသည်။
သို့သော်လည်း အကြမ်းဖက်စစ်တပ်အာဏာသိမ်းသည့်အချိန်မှစ၍ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်သည် အလုံးစုံပျက်စီးကာ မည်သည့်ဥပဒေမှ တရားဝင်အသုံးပြုနိုင်ခြင်းမရှိတော့ပဲ ရှေ့နေများ၊ တရားသူကြီးများပင် အမှုလိုက်ခွင့် ဆုံးရှုံးလာခဲ့ရလေသည်။ တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် စစ်တပ်သည်ဥပဒေအထက်မှနေ၍ ဥပဒေများအား ၎င်းတို့လိုသလိုပုံဖော်ကာ ပြောင်းလဲပြင်ဆင်ပြီး အသုံးချနေခြင်းသည် ပြည်သူလူထု၏ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်အား တိုက်ရိုက်ခြိမ်းခြောက်လာခဲ့လေသည်။ တဖက်တွင်လည်း ပြည်သူလုထူသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများနှင့် အကြမ်းမဖက်လှုပ်ရှားမှုများအား အချိန်ကာလအားဖြင့်လေးနှစ်ကျော်မျှ စဥ်ဆက်မပြတ်ဖော်ဆောင်နေသည့်တိုင် နိုင်ငံတကာအဖွဲ့အစည်းများမှ စစ်တပ်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများအပေါ် ထိရောက်၍အပြုသဘောဆောင်သည့် အရေးယူနိုင်ခြင်းမရှိသည့်အချက်သည်လည်း ဖိနှိပ်ခံပြည်သူလူထုအား လက်နက်ကိုင်တန်ပြန်တော်လှန်ရေး၌ ပို၍အာရုံစိုက်စေခဲ့ပြန်လေသည်။
“လွတ်မြောက်နယ်မြေ”များမှ အားနည်းချက်၊ စိန်ခေါ်မှုများနှင့် စိုးရိမ်ဖွယ်ဖြစ်စဥ်များ
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့် အခန်းကဏ္ဍအားခြုံငုံ၍ လေ့လာသုံးသပ်ကြည့်ပါက အထက်တွင်ဖော်ပြထားသည့်အတိုင်း အမျိုးသားဒီမိုကရေစီအရပ်သားအစိုးရကာလ၌ ပြဌာန်းထားသည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၌ကပင် ပြည်သူလူထုအား အပြည့်အဝအကာအကွယ်ပေးထားခြင်းမျိုး ရှိမနေကြောင်းတွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်းကာလများ၌ စစ်တပ်သည်ယင်းဥပဒေအား ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကာ မတရားအကြမ်းဖက်မှုများစွာကို ဆိုးဆိုးဝါးဝါးကျူးလွန်လာခဲ့သည်မှာ သိသာထင်ရှားလှပေသည်။ သို့သော်လည်းတဖက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား လက်နက်ကိုင်တန်ပြန်တော်လှန်ကာ လွတ်လပ်၍တရားမျှတမှုရှိသော ဖက်ဒရယ်ပြည်ထောင်စုအားတည်ထောင်ရန် စိတ်အားထက်သန်လျက်ရှိကြသည့် တော်လှန်ရေးအင်အားစုများသည် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ယဥ်ကျေးမှု၏အနှစ်သာရအား ကောင်းစွာသိရှိနားလည်နိုင်ခြင်းမရှိသည်မှာလည်း ပြည်သူလူထု၏ အာဏာရှင်အားဆန့်ကျင်သော အကြမ်းမဖက်လှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများအပေါ် ပူးပေါင်းပါဝင်မှုအားနည်းလာသည့် အကြောင်းရင်းတရပ်ဟု ကောက်ချက်ချနိုင်သည်။
အထက်ပါအကြောင်းအရာနှင့်ဆက်လျဉ်း၍ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် “လွတ်မြောက်နယ်မြေ”များ၌ ဖြစ်ပွားခဲ့သည့် (၁)ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်နယ်မြေ၊ ကွတ်ခိုင်မှဆန္ဒပြသူများအား ပစ်ခတ်သည့်ဖြစ်စဥ်၊ (၂)စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)မှ ၎င်းတို့အားဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူ (၄၀) ကျော်အား ဖမ်းဆီးသည့်ဖြစ်စဥ်၊ (၃)ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း-၃၃ ၏တပ်မဟာနယ်မြေ (၇) ပန်ဝါဒေသ၊ ဖရဲကျေးရွာ၌ မြေရှားသတ္တုတူးဖော်နေတဲ့လုပ်ငန်းအား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဒေသခံအမျိုးသမီး ၂၅-ဦးအား ဖမ်းဆီးသည့်ဖြစ်စဥ်နှင့် (၄)ရေဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပကဖ)မှ သံသည်ရပ်ကျေးပအဖ၊ ပလဖနှင့် CDM ပြုလုပ်ထားသည့် ၆-ဦးအား ဖမ်းဆီးထားသည့်ဖြစ်စဥ်များအား သာဓကထားလေ့လာနိုင်သည်။ ဤအချက်သည်လည်း ပြည်သူလူထုအဖို့ တော်လှန်ရေးတပ်များမှ တာဝန်ရှိသူများကိုယ်တိုင်ပင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာယဥ်ကျေးမှုအား တန်ဖိုးမထားခြင်းနှင့်အတူ လက်နက်နှင့်အာဏာအား လက်ဝယ်ရရှိလာပြီးနောက်ပိုင်း ဖိနှပ်ကန့်သတ်ခြင်းများကို အကြမ်းဖက်စစ်တပ်နည်းတူ ပြုမူ၊ လုပ်ဆောင်နေသလောဟု မေးခွန်းထုတ်စရာဖြစ်လာလေသည်။
စစ်တပ်၏ ရွေးကောက်ပွဲ မဟာဗျူဟာ
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အဖက်ဖက်မှဖြစ်ပေါ်လာသည့် အကြမ်းဖက်ဖိနှိပ်ကန့်သတ်ခြင်းများကြောင့် ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်သည့် အကြမ်းမဖက်လူထုလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ အရှိန်အဟုတ်လျှော့နည်းလာသည့်နောက်တွင် အကြမ်းဖက်စစ်တပ်မှ ၎င်းတို့ရည်မှန်းထားသော အထွေထွေရွေးကောက်ပွဲအားဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလာကြောင်းတွေ့ရှိရသည်။ ဤအချက်ကြောင့် စစ်တပ်သည် ၎င်းတို့၏မြေပြင်အုပ်စိုးနိုင်မှု အားနည်းခြင်းအား ရွေးကောက်ပွဲပြုလုပ်ခြင်းဖြင့် အာဏာပိုင်ဆိုင်မှုကို ပြန်လည်ထိန်းနိုင်ရန် ခြေလှမ်းပြင်နေသည်ဟုတွက်ဆနိုင်သည်။ ရွေးကောက်ပွဲပြုလုပ်ကျင်းပပြီးနောက် ရွေးကောက်ခံအစိုးရအဖြစ် နိုင်ငံတကာမှအသိအမှတ်ပြုခြင်းအားရယူ၍ တရားဝင်အာဏာပြန်လည်ရရှိလာသည်ဟူသော ရှု့ထောင့်အား ထင်သာမြင်သာရှိစေမည့် နည်းဗျူဟာတရပ်အား စစ်တပ်မှစနစ်တကျအသုံးပြုလာကြောင်း လေ့လာတွေ့ရှိရသည်။