ဆက်သွယ်ရေးဥပဒေ အမှု(၁၀၀) ပြည့် အထူးလေ့လာသုံးသပ်ချက်

ဥပဒေနောက်ခံ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် အဟန့်အတားဖြစ်စေသည့် ဥပဒေများထဲက တစ်ခုဖြစ်သော ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများသည် ယခုအချိန်တွင် အမှု ၂၀၀ အထိ ရှိခဲ့ပြီဖြစ်ပြီး စုစုပေါင်း ၂၄၆ ဦး တရားစွဲဆိုခံခဲ့ရသည်။

မြန်မာနိုင်ငံအတွက် အသစ်ဖြစ်သော ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ထောင်စုလွှတ်တော်ကစတင်ပြဌာန်းခဲ့ သည်။ ၎င်းကိုအသုံးချရန်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံထားသည့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်နိုင်ရန်နှင့် နိုင်ငံ၏ဆက်သွယ်ရေးစနစ်များကို ထိန်းချုပ်နိုင်ရန် ဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလမှ စတင်ကာ ဥပဒေသည် ယင်း၏မူလ ရည်ရွယ်ချက်မှ စွန့်ခွာ၍ ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးလာခဲ့သည်။ အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်တို့ကစ၍ နာမည်ကျော်ကြားသည့် အနုပညာရှင်များအထိတိုင် ယင်းဥပဒေကို ကိုင်စွဲကာ ပြည်သူများကို တရားစွဲဆိုခြင်းဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် ချိုးဖောက်လျှက်ရှိနေသည်။

ဆက်သွယ်ရေးဥပဒေ အမှု ၂၀၀ ပြည့်သွားပြီ

သုတေသနထုံး

အသံအဖွဲ့သည် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်း အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှုများကို လေ့လာမှတ်တမ်းတင်လျှက်ရှိသည်။ အဆိုပါမှတ်တမ်းများကို ပြန်လည်ဆန်းစစ်၍ ကောက်ချက်ချမှုများ ဂရုတစိုက်လုပ်ဆောင်ကာ ဤသုတေသနစာစောင်အား ပြုစုထားခြင်းဖြစ်သည်။ တစ်ဆက်တည်းသော အမှုတွဲစောင့်ကြည့်မှုများ၊ တစ်ဆက်တည်း မဟုတ်သော တရားရုံးစောင့်ကြည့်မှုများ၊ သက်ဆိုင်သူများကို သုတေသနအင်တာဗျုးမေးမြန်းမှုများ၊ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းတို့မှ ရရှိလာသော အချက်အလက်များကို ကောက်ချက်ချမှု ပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားထားပါသည်။

ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများ

ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများမှာ ယင်းဥပဒေသက်တမ်းအတွင်း အမှု ၂၀၀ ရှိသွားပြီဖြစ်သည်။ စုစုပေါင်း ၂၃၆ ဦး တရားစွဲဆိုခံခဲ့ရပြီး အချို့မှာ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲဖြစ်၍ အချို့မှာ တရားရင်ဆိုင်နေရဆဲဖြစ်သည်။​တရားစွဲဆိုလေ့ရှိသူများမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးသမားများဖြစ်ကြပြီး တရားစွဲဆိုခံရသူများ အများစုတို့မှာ သာမာန်ပြည်သူများ၊ မီဒီယာ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ စသည်တို့ဖြစ်ကြသည်။

လက်ရှိတရားရင်ဆိုင်နေရဆဲ ပုဂ္ဂိုလ်များတွင် ဦးမင်းထက်ကိုကိုကြီးလည်းပါရှိသည်။ ဦးမင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် (မြန်မာ) ၏ တည်ထောင်သူတစ်ဦးဖြစ်ပြီး ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။​ဦးမင်းထင်ကိုကိုကြီးသည် တပ်မတော်အား ဝေဖန်ခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်က ၎င်းအား တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အပြင် ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (က) ဖြင့်ပါ အမှုဖွင့်ထားသည်။​

Download Eng PDF:

Download MM PDF:

Leave a Reply

Your email address will not be published. Required fields are marked *

You missed