The state of freedom of expression in 2019
နိဒါန်း
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးနှင့်ပတ်သက်၍ စိန်ခေါ်ချက် အလွန်ကြီးမားသော နှစ်တစ်နှစ် ဖြစ်ခဲ့ပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော လက်ရှိအရပ်သားအစိုးရ အုပ်ချုပ်ရေးသက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိူးဖောက်ခံရမှုများမှာ နှစ်စဉ် မြင့်တက်လာလျှက်ရှိသည်။ လူ့အခွင့်အရေးကို ချိုးဖောက်နေသည့် ဥပဒေ အများအပြား ဆက်လက်တည်ရှိနေသည့်အပြင် တရားစီရင်ရေးမဏ္ဍိုင်သည်လည်း လွတ်လပ်အမှီခိုကင်းမှု အားနည်းခြင်းသည် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မည်သူကမဆို ချိုးဖောက်နိုင်စေရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေပေသည်။ ဤအစီရင်ခံစာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ဥပဒေဖြင့် ချိုးဖောက်ခဲ့မှုများအား အဓိက သုတေသနပြုလေ့လာထားပါသည်။
ဖြစ်စဉ်လေ့လာမှု – ၁
ဦးဝီရသူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်ရန် လှုံ့ဆော်သည့် ဟောပြောမှုများကို မြေပြင်တွင်ရော အွန်လိုင်းတွင်ပါ တွင်းကျယ်စွာ လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။ ထိုကဲ့သို့ အန္တရာယ်ရှိသည့်လှုံ့ဆော်မှုများနှင့် ပတ်သက်၍ အစိုးရဘက်မှ ခေါ်ယူဆွေးနွေးခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်းတို့မရှိဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ခြင်းအတွက်ကြောင့်သာ ၂၀၁၉ ခုနှစ်၊ မေလ အတွင်းက ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခဲ့သည်ကို တွေ့ရှိရပါသည်။
တပ်မတော်သည် အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများအပြားကို တရားစွဲဆိုခဲ့ခြင်းဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၏ နိုင်ငံရေးအခင်းအကျင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုပွဲ၊ ဟောပြောပွဲများ ပေါ်ပေါက်လာခြင်း၊ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းကို ဝေဖန်ခြင်း၊ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ထောက်ပြရှုံ့ချခြင်းများ မြင့်တက်လာသည်နှင့်အမျှ တပ်မတော်မှ ဝေဖန်ပြောဆိုသူများအား တရားစွဲဆိုမှုများ သိသိသာသာ များပြားလာခဲ့သည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်လေ့လာမှု -၂
ဧပြီလတွင် ဒေါင်းတို့မျိုးဆက်သံချုပ် အဖွဲ့သည် သင်္ကြန်ကာလအတွင်း ခေတ်ကာလကိုဝေဖန်ထောက်ပြသည့် သံချပ်ထိုး ဖျော်ဖြေမှုများကို မြို့နယ်အသီးသီးတွင် လှည့်လည်ဖျော်ဖြေခဲ့ကြရာ သံချပ်စာသားများသည် တပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်း၊ တပ်တွင်းပုန်းကန်မှု ဖြစ်ပေါ်လာအောင် လှုံဆော်ခြင်းများဖြစ်စေသည်ဟုဆိုကာ တပ်မတော်က တရားစွဲဆိုခဲ့သည်။ ထူးခြားသည့်အခြေအနေများအဖြစ် စတင်တရားစွဲဆိုသည့်အချိန်၌ ပုဒ်မတစ်ခုတည်းဖြင့် စွဲဆိုသော်လည်း တရားရင်ဆိုင်သည့်ကာလတွင် အခြားပုဒ်မများနှင့် ထပ်မံစွဲဆိုခြင်း၊အခြားဒေသများတွင်လည်း ထပ်မံစွဲဆိုခြင်းများရှိခဲ့သည်။ ထိုသို့ တရားစွဲဆိုရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၆၆(ဃ)ဖြင့် ၂ မှု၊ ၅၀၅(က)ဖြင့် ၂ မှု၊ ဧရာဝတီတိုင်း၊ ဒေသကြီး၌ ၆၆(ဃ) ဖြင့် ၁ မှု၊ ၅၀၅(က)ဖြင့် ၃ မှု၊ စုစုပေါင်း ၈ မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ယခု လက်ရှိအချိန်တွင် ၅၀၅ (က) အမှု ၂ မှုနှင့် ၆၆ (ဃ) အမှု ၂ မှုတို့အတွက် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၂)နှစ် နှင့် (၆)လ ကျခံနေရသည်။ ပုဒ်မ ၆၆ (ဃ)တွင် ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းကိုသာ တရားစွဲဆိုနိုင်ခွင့်ရှိသော်လည်း ယခုအမှုတွင် လူပုဂ္ဂိုလ်မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် တပ်မတော်က တရားစွဲဆိုမှုအား တရားရုံးများက အမှုလက်ခံပြီး ပြစ်ဒဏ်ချမှတ်ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ပေသည်။
လက်ရှိတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည် တရားစီရင်ရေးစနစ်အား အယုံအကြည် မရှိတော့သဖြင့် ကျန်ရှိနေသော အမှုများကို ဆက်လက်ခုခံချေပခြင်း မပြုလုပ်တော့ဘဲ တရားရုံးအား သပိတ်မှောက်ထားကြောင်း သိရသည်။ နိုင်လွတ်လုံဥပဒေကို အသုံးပြု၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှုများမှာ စုစုပေါင်း ၃၂ မှု ရှိပြီး ၁၀၄ ဦး ထိခိုက်နစ်နာခဲ့ကြသည်။ ဥပဒေကို အသုံးချ၍ တရားစွဲဆိုခဲ့သူ အများစုမှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားပြည်သူတို့ဖြစ်ကြသည်။
Download PDF: