၂၀၂၅ ခုနှစ်၊ မေလအတွင်း ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု

၂၀၂၅ ခုနှစ်၊ မေလအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသော ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု

အသံအဖွဲ့၏စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာများ၏မှတ်တမ်းအရ ၂၀၂၅ ခုနှစ်၊ မေလကုန်အထိ ပြည်သူလူထု၏ နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများမှာ စုစုပေါင်း (၇၀) ကြိမ်ရှိသည်ကိုတွေ့ရှိ သည်။ ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများထဲတွင် စစ်ကိုင်းတိုင်းဒေသသည် အကြိမ်ရေအများဆုံးဖော်ဆောင်နိုင်သည့် ဒေသတခုအဖြစ်တွေ့ရှိရပြီး ဆန္ဒထုတ်ဖော်မှုပေါင်း (၄၄)ကြိမ်မျှ ထွက်ပေါ်ခဲ့သည်။ ၄င်းမှာ ပြည်သူ့တပ်ဖွဲ့များ၏ သက်ဆိုင်ရာနယ်မြေထိန်းချုပ်မှုအားကောင်းသောကြောင့်ဟု အသံအဖွဲ့အနေဖြင့် သုံးသပ်သည်။ ထို့အပြင် မေလအတွင်း စက်ရုံအလုပ်သမားများမှ ရက်မှန်ကြေး၊ အချိန်ပိုကြေးနှင့် တရက်လုပ်ခနှင့် ဆုကြေးတိုးမြှင့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများဖော်ဆောင်ခဲ့ကြသည်။ အများစုသည် သဘောတူညီမှုရရှိခဲ့ပြီး သဘောတူညီမှုမရသေးသည့် စက်ရုံများတွင်အလုပ်သမားများက ဆက်လက်တောင်းဆိုဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

ပြည်နယ်နှင့်တိုင်းအလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအရေအတွက်ပြဇယား    

အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု၌ (CDM) ပါဝင်ခဲ့သော ကျောင်းဆရာကိုမင်းဟိဏ်းသူ (ခ) အာနိုးသည် ကသာအကျဉ်းထောင်အတွင်း အတက်ရောဂါဝေဒနာခံစားခဲ့ရပြီး လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် သေဆုံးခဲ့ကြောင်းကို Political Prisoners Network – Myanmar(PPNM)မှ မေလ၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကိုမင်းဟိဏ်းသူသည် ၂၀၂၃ခုနှစ် ဇွန်လတွင်အကြမ်းဖက်စစ်တပ်မှ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၄ခုနှစ် မတ်လ၂၈ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ)တို့ဖြင့် ထောင်ဒဏ် (၁၅ )နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ 

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှုအား ကန့်ကွက်ဆန့်ကျင်သည့်ဆန္ဒပြပွဲများ၌ တတ်ကြွစွာပါဝင်ခဲ့သော မနွယ်နီဝင်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စစ်တပ်မှဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခဲ့ချိန်တွင် မနွယ်နီဝင်းမှာ ကိုယ်ဝန်ဆောင်ထား၍ (၅) လခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၌ ဖြစ်ပွားခဲ့သောငလျင်လှုပ်ခတ်မှုကြောင့် ဝမ်းတွင်းရှိကလေးနှလုံးမခုန်တော့သည့်တိုင် အချိန်မှီဆေးကုသခွင့်မရနိုင်ခဲ့ခြင်းကြောင့် မိခင်နှင့်ကလေး (၂) ဦးစလုံး၏ အသက်ဆုံးရှုံးခဲ့သည်။ မနွယ်နီဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ၎င်းမိသားစုဝင်များမှာ ယနေ့အချိန်အထိသတင်းအတိအကျမရရှိသေးဘဲ ဗုဒ္ဓဘာသာဓလေ့အရ ရက်လည်ဆွမ်းကျွေးမှုကိုပင် မပြုလုပ်နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ထုတ်ပြန်ထားသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြင်းမထိတောင်ဒေသ၌ တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည့် သတ္တုတူးဖော်ရေးစီမံကိန်းအား ကန့်ကွက်ဆန္ဒပြနေသော ပရာဒေါင်းဆွေမျိုးစုဦးဆောင်သူ (၄) ဦးအား ကယန်းပြည်သစ်ပါတီ (KNLP)မှ မေလ (၁၆) ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။ ၎င်းစီမံကိန်းသည် ဒေသခံများ၏သဘောတူညီမှုမရှိဘဲ တိုးမြှင့်ဆောင်ရွက်နေခြင်းကြောင့် လူနေမှုပတ်ဝန်းကျင်နှင့် ကျေးရွာပေါင်း (၁၁) ရွာမှ လူပေါင်း (၅၀၀၀) အပေါ် ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်ဟု ဒေသခံများကထောက်ပြပြောဆိုထားသည်။ ထို့အပြင် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးနိုင်နှင့် ၎င်း၏မိသားစုဝင်များသည် သတ္တုတူးဖော်ရေးစီမံကိန်း၌ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်းသိရသည်။ ကယန်းပြည်သစ်ပါတီ (KNLP)၏ မေလ (၅) ​ရက်နေ့၌ ထုတ်ပြန်ထားသော သဘောထားကြေညာချက်တွင် ဆန္ဒပြသူများအား တရားမဝင်အဖွဲ့အဖြစ် ဖော်ပြထားပြီး သတ္တုတူးဖော်ရေးစီမံကိန်းနှင့် ပတ်သက်သည့်တိုက်ရိုက်ရည်ညွန်းချက်များမှာမူ မပါဝင်ခဲ့ကြောင်းတွေ့ရသည်။ 

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း မေလ (၁၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသံအဖွဲ့၏ လေ့လာစောင့်ကြည်ချက်များအရ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အကြမ်းဖက်စစ်တပ်၏တပ်ဖွဲ့ဝင်များက ကိုသက်နှင်းအောင်အား ကရင်ပြည်နယ်၊ မြဝတီမြို့၌ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက်နေ့တွင် ပေါင်မြို့နယ်တရားရုံး၌ ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ကျပ် ၂၀,၀၀၀ ချမှတ်ခဲ့ကြောင်းသိရသည်။ ထို့နောက် ကိုသက်နှင်းအောင် အကျည်းထောင်မှ လွတ်ရက်စေ့ဖြင့်ပြန်လွတ်လာချိန်၌ ထပ်မံဖမ်းဆီးခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြန်လေသည်။ လက်ရှိတွင် ကိုသက်နှင်းအောင်အား တခြားနေရာသို့ ပြောင်းရွှေ့ထားပြီး ဆက်သွယ်ခွင့်များကိုလည်းပိတ်ပင်ထားသဖြင့် ကျန်းမာရေးအခြေအနေအပါအဝင် စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေသည်ဟု သုံးသပ်နိုင်သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ကိုသက်နှင်းအောင် ပြန်လွတ်မြောက်ရေးအား တောင်းဆိုနေသော်လည်း အကြမ်းဖက်စစ်တပ်က မတရားသဖြင့် ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း တွေ့ရသည်။ 

တောင်ကုတ်ဒေသ၌ အာရခတပ်မတော် (AA)မှ ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည့် ဒေသခံ (၅၀) ခန့်အား အာရက္ခတပ်တော် (AA)က မေ (၁၈) ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးများပါဝင်ပြီး ယနေ့အထိ မလွှတ်ပေးသေးကြောင်း သိရသည်။ လေ့လာစောင့်ကြည့်ချက်များအရ အာရခတပ်မတော် (AA)သည် ရခိုင်ပြည်နယ်ပြင်ပသို့ လူငယ်များထွက်ခွာခြင်းကိုလည်း တားမြစ်ထားပြီး အသက် (၁၈ မှ ၄၅) နှစ်အတွင်း လူငယ်များအား စစ်မှုထမ်းရန်တာဝန်ပေးထားကြောင်း မေ (၂၂) ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တိုင်း၊၊ လှိုင်သာယာမြို့နယ်၌ ချန်းရီစက်ရုံအလုပ်သမားများသည် မေလ၊ (၁၄) ရက်နေ့တွင် လုပ်ခလစာတိုးရေးအတွက် ဆန္ဒပြမှုစတင်ခဲ့သည်။ ထိုသပိတ်တွင် ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ တရက်လုပ်ခနှင့် ဆုကြေးရရှိရေး အစရှိသည့် တောင်းဆိုချက်များပါဝင်ကြောင်းသိရသည်။ အစောပိုင်း၌ အလုပ်ရှင်ဘက်မှ ဆန္ဒပြသူအလုပ်သမားများအား ခြိမ်းခြောက်မှုများရှိသော်လည်း အလုပ်သမားများမှ မေလ (၂၀) ရက်နေ့အထိ ဆက်လက်တောင်းဆိုခဲ့ပြီး နောက်ဆုံးတွင် သဘောတူညီမှုရရှိခဲ့သည်။ 

၂၀၂၅ ခုနှစ်၊ မေလ (၆) ရက်နေ့မှ စတင်ကာ Myanmar Stage အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာလျှော့ချဖြတ်တောက်မှုကြောင့် ဖြတ်တောက်ခံထားသည့် လုပ်ခလစာနှင့် ကျွမ်းကျင်ကြေးများအား ပြန်လည်ပေးအပ်ရေးနှင့်အတူ အလုပ်သမားအခွင့်အရေးများအား အလုပ်သမားဥပဒေစည်းမျဉ်းများအတိုင်း လိုက်နာရေးအတွက် လုပ်ငန်းခွင်အတွင်း ဆန္ဒထုတ်ဖော်ခြင်းပြုလုပ်လျက်ရှိသည်။ 

၂၀၂၅ ခုနှစ်၊ မေလ (၂၀) ရက်နေ့မှစတင်ကာ တရက်လုပ်ခ- ကျပ်ငွေ (၁၀,၀၀၀) သတ်မှတ်ရေးအတွက် ဆန္ဒပြသည့် True Green ကော်စေ့စက်ရုံ အလုပ်သမားများသည် မေလ (၂၃) ရက်နေ့ ညပိုင်း၌ စက်ရုံဘက်မှ တရက်လျှင်- ကျပ်ငွေ (၈,၀၀၀)ဖြင့် ညှိနှိုင်းချက်အားသဘောတူလက်ခံခဲ့ကြသည်။ ထို့အပြင် သဘောတူညီမှုစာချုပ်တွင် အကျုံးဝင်ကာလအဖြစ် ၂၀၂၆ ခုနှစ် မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်းတွေ့ရသည်။

၂၀၂၅ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် Tianjin Fashion Milestone Garment စက်ရုံ၌ အလုပ်သမား (၄၀၀)ကျော်မှ တစ်ရက်လုပ်ခ (ဒေးကြေး) ကျပ်ငွေ- (၁၃,၀၀၀)နှင့် အချိန်ပိုလုပ်အားခတိုးမြှင့်ပေးရေးအတွက် လုပ်ငန်းရပ်နား၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒပြအလုပ်သမားများက လက်ရှိအလုပ်ခလစာနည်းပါးမှု၊ အုပ်ချုပ်သူများ၏ ကြမ်းတမ်းသည့်အပြုအမူများ၊ အလုပ်ချိန်အလွန်ရှည်ကြာမှုနှင့် (အသေးစား)ကျန်းမာရေးဝန်ဆောင်မှု မပြည့်စုံခြင်းတို့ကြောင့် အလုပ်သမားအနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရသည်ဟု ထုတ်ဖော်ထားသည်။ 

​​၂၀၂၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့၌ GTIG-2 Guohua Glory စက်ရုံအလုပ်သမားများသည် တစ်ရက်လုပ်ခ (ဒေးကြေး)နှင့် အချိန်ပိုလုပ်အားခတိုးမြှင့်ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။ ထိုသို့ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းမှုအပေါ်မူတည်၍ မေလ (၂၅) ရက်နေ့၌ တစ်ရက်လုပ်အားခ ကျပ်ငွေ- (၁၁,၅၀၀)နှင့် အချိန်ပိုလုပ်အားခ တစ်နာရီလျှင် ကျပ်ငွေ- (၂,၁၀၀)အဖြစ် သဘောတူညီမှုရရှိခဲ့သည်။ 

၂၀၂၅ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် GTIG U&G (ရုံ-၁)စက်ရုံရှိ အလုပ်သမား (၁၀၀၀) ကျော်မှ တစ်ရက်လုပ်အားခ ကျပ်ငွေ- (၁၃,၀၀၀)နှင့် အချိန်ပိုလုပ်အားခ တစ်နာရီလျှင် ကျပ်ငွေ- (၃,၀၀၀) တောင်းဆိုခြင်းအပေါ် စက်ရုံမှတာဝန်ရှိသူများနှင့် သုံးနာရီအတွင်း ပြေလည်မှုရရှိခဲ့ပြီး၊ အလုပ်ရုံ (၂)မှ အလုပ်သမားများနှင့် တူညီသောအခွင့်အရေးများကို သဘောတူစာချုပ်ဖြင့် ခံစားခွင့်ရရှိခဲ့သည်။ 

ရွှေပြည်သာရှိ Joy Time (Myanmar) Garment စက်ရုံအလုပ်သမား (၁၀၀၀)ခန့်က လုပ်အားခနှင့် အချိန်ပိုကြေး တိုးမြှင့်ရေးအတွက် မေလ (၃၀) ရက်နေ့မှစတင်၍ မေလ (၃၁) ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တောင်းဆိုနေဆဲဖြစ်ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

You missed