၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသော ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု

အသံအဖွဲ့၏စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာများ၏မှတ်တမ်းအရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ပြည်သူလူထု၏ နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများမှာ စုစုပေါင်း ၁၄၁-ကြိမ်ရှိသည်ကိုတွေ့ရှိရပြီး ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့်အား စစ်အုပ်စုမှ အကြမ်းဖက်မှု ၁-ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများထဲတွင် စစ်ကိုင်းတိုင်းဒေသသည် အကြိမ်ရေ အများဆုံးဖော်ဆောင်နိုင်သည့် ဒေသတခုအဖြစ် တွေ့ရှိရသည်။ ၄င်းမှာ ပြည်သူ့တပ်ဖွဲ့များ၏ သက်ဆိုင်ရာ နယ်မြေထိန်းချုပ်မှုအားကောင်းသောကြောင့်ဟု အသံအဖွဲ့အနေဖြင့် သုံးသပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်နဲ့ တူမ မစုမြတ်ထက်တို့ကို အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းခရိုင်တရားရုံး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒေါ်နီမိုလှိုင်အား ၎င်း၏တူမဖြစ်သူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း၏ရုံးချိန်းသို့ သွားရောက်စဥ် သင်္ဃန်းကျွန်းခရိုင်တရားရုံးအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တူမနောက်တဦးဖြစ်သူ မစုမြတ်ထက်ကို ဒေါ်နီမိုလှိုင် ဖမ်းဆီးခံရပြီး နောက်တနေ့တွင် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အသံအဖွဲ့မှ ကောက်ယူရရှိထားသည့် သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအား မတရားဖမ်းဆီးခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် စစ်အုပ်စုလက်အောက်ခံ  ထောင်တွင်း တရားရုံးမှ မဆုရည်လင်းအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနှင့် မှတ်ပုံတင်အတုပြုလုပ်မှူများဖြင့် အလုပ်နှင့်  ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့သည်။ ထို့နောက် မဆုရည်လင်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက် နှင့်  (၁၄) ရက်နေ့တို့တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-ည နှင့် ထပ်မံတရားစွဲဆိုခဲ့သည်။ ထို့မှတဆင့် သူမကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ (ည)နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် ထောင်ဒဏ် (၁ဝ )နှစ် ထပ်မံချမှတ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed