၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွင်း လွတ်လပ်စွာပြောဆိုခွင့် ချိုးဖောက်ခံရမှုများ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာစစ်တပ်ပိုင် ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်း၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် သာမန်ပြည်သူ (၄) ဦးထက်မနည်း ဖမ်းခံရပြီး အငြိမ်းစားစစ်တပ်ဗိုလ်မှူးတဦး ထောင်ချခံရသည့် ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခဲ့သည်။ ဖမ်းဆီးခံရသူများသည် တယ်လီဂရမ်နှင့် ဖေ့ဆ်ဘုတ်တို့တွင် သတင်းအချက်အလက်မျှဝေရေးသားခြင်းကြောင့် “နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်၊ ဝါဒဖြန့်သည်” ဟု တံဆိပ်ကပ်ကာ ဖမ်းဆီးအရေးယူခံခဲ့ရခြင်းဖြစ်သည်။ သို့သော် အဆိုပါသာမန်ပြည်သူများ၏ ဖမ်းဆီးခံနေရာနှင့် နေ့ရက်များကို အတိအကျ ဖော်ပြလေ့ရှိသော်လည်း တရားရင်ဆိုင်ရသည့် ဥပဒေပုဒ်မနှင့် ဥပဒေဆိုင်ရာအမှုတွဲဖြစ်စဉ်ကိုမူ သတင်းစာများတွင် ဖော်ပြခြင်းမရှိပေ။ စစ်အုပ်စုသည် သာမန်အနေအထားဖြင့် သတင်းအချက်အလက်ရယူဖြန့်ချီသည့် သူများကို အစဉ်တစိုက်စောင့်ကြည့်ဖိနှိပ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်နှိပ်ကွက်သည့် ပုံစံမှာ မပြောင်းလဲချေ။

တွေ့ရှိချက် – ဒေါက်တာနေစိုးမောင်အား ထောင်ဒဏ် (၃) နှစ်ချမှတ်ခြင်း
စစ်ဗိုလ်ချုပ်မှူးဟောင်း သန်းရွှေ၏သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်သည် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်ကွယ်လွန်သည့်အပေါ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၌ ဝမ်းနည်းမျက်ရည်ကျမိကြောင်းနှင့် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျုံးဘေး၌ “We Free” စာတမ်းပါ အင်္ကျီကို လေးစားဂါရဝပြုကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီးနောက် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရသည်။ ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၁၂၄-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နှင့် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) တို့ဖြင့်အမှုဖွင့်ခံထားရပြီး မန္တလေးအိုးဘိုထောင်တရားရုံး၌ ၅၀၅-က အမှုအတွက် အမြင့်ဆုံးထောင်ဒဏ် (၃) နှစ်ကို ချမှတ်ခံရသည်။ နေစိုးမောင်သည် မြန်မာစစ်တပ်အသိုင်းဝိုင်းမှဖြစ်သည့်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးခြင်းကြောင့် ယခုဖမ်းဆီးထောင်ချမှုသည် တရားဥပဒေအရဖြစ်စေ၊ လူ့ရပိုင်ခွင့်ရှုထောင့်အရဖြစ်စေ မကိုက်ညီဘဲဖြစ်နေသည်။