အင်အားပြင်းငလျင်နှင့် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားခြင်း
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲပိုင်း (၁၂ နာရီ၊ ၅၁ မိနစ်) ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ အနောက်မြောက်ဘက် (၁၆ ကီလိုမီတာ) အကွာ၌ ရစ်ချက်စတာ (၇.၇) ရှိ အလွန်အင်အားပြင်းထန်သည့် ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ ထိုအင်အားပြင်း ငလျင်လှုပ်ခတ်မှုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်မှုများကြောင့် စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ပဲခူး၊ ပျော်ဖွယ်၊ နေပြည်တော်၊ အမရပူရ၊ ပျဉ်းမနား၊ တောင်ငူ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အခြားသောဒေသများမှ အဆောက်အဦးများ၊ သမိုင်းဝင် စေတီပုထိုးများ၊ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးအဆောက်အအုံများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ လူ့အသက်ပေါင်း ထောင်ကျော်ဆုံးရှုံးကာ သောင်းနှင့်ချီ ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာအား အရေးပေါ်ကယ်ဆယ်ကုသရန် အကူအညီများစွာ လိုအပ်လျက်ရှိသည်။ အမေရိကန်နိုင်ငံအခြေစိုက် ဘူမိဗေဒ သုတေသနအေဂျင်စီ (USGS)မှ မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် ပြည်သူတသောင်းကျော်ထိ သေဆုံးနိုင်ခြေရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိအခြေအနေတွင် ငလျင်ဒါဏ်ခံခဲ့ကြရသည့် ဒေသများ၌ ကယ်ဆယ်ရေး၊ သောက်သုံးရေ၊ အသင့်စား အစားအစာ၊ ဆေးဝါးများ၊ လျှပ်စစ်မီးနှင့် တကိုယ်ရည်ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ အဓိကလိုအပ်နေပြီး ထိုဒေသအများစု၌ စစ်တပ်မှ နောက်ထပ်အခြေခံကျသော လိုအပ်ချက်ဖြစ်သည့် ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများအား ဆက်လက်ဖြတ်တောက်ထားသဖြင့် သတင်းစီးဆင်းမှုမှာလည်း အလွန်အားနည်းလျက်ရှိသည်။ အသံအဖွဲ့မှ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးကောက်ယူရရှိထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတဝှမ်း စစ်တပ်မှ ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့် မြို့နယ်စုစုပေါင်း (၁၀၇) မြို့နယ် ခန့်ရှိသည်။ ငလျင်ဒါဏ်ကြောင့် အပျက်အစီး၊ အဆုံးအရှုံးအများဆုံးခံစားနေရသည့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းကဲ့သို့သော ဒေသများရှိမြို့နယ်တချို့တွင် ငလျင်မလှုပ်ခတ်မီ အစောပိုင်းကာလများ၌ကပင် ဆက်သွယ်ရေးဖုန်းနှင့် အင်တာနက်လိုင်းများအား စစ်တပ်မှ ဖြတ်တောက်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြီးဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အဦးများစွာ ပြိုကျပျက်စီးခဲ့သောကြောင့် ဆက်သွယ်ရေးလိုင်းများမှာ ယခင်ထက်ပို၍ ပြတ်တောက်နေနိုင်ကြောင်း သုံးသပ်ရမိသည်။ ငလျင်မလှုတ်ခတ်မှီ အစောပိုင်းကာလများ၌ စစ်တပ်သည် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထား၍ လူ့အခွင့်အရေးအား အဆုံးစွန်ထိချိုးဖောက်နေလျက်ရှိပြီး အရပ်သားပြည်သူများနေထိုင်ရာရွာများအား ရွာလုံးကျွတ်မီးရှို့ခြင်း၊ ဒေသခံပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများအား တောက်လျောက်ကျူးလွန်နေသည်ကို တွေ့ရသည်။

ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအား ဖြတ်တောက်ထားသောကြောင့် ဒေသအတွင်းရှိ ဘဏ်လုပ်ငန်းများရပ်နားထားရသည့်အတွက် စီးပွားရေးအကြပ်အတည်းများဖြင့်ရင်ဆိုင်နေကြရကာ ဒေသခံများအနေဖြင့် ရပ်ဝေးမှမိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခြင်း၊ အခြေခံကျန်းမာရေး သတင်းအချက်အလက်များ ရရှိနိုင်မှု၌ အကန့်အသတ်များကြုံတွေ့နေကြရပြီး အရေးပေါ်ကိစ္စရပ်များနှင့်ဆက်စပ်သည့် သတင်းလက်ခံရရှိမှုများ၌ အားနည်းခြင်း အစရှိသည့်လိုအပ်ချက်များဖြင့် ပြည့်နှက်နေခဲ့လေသည်။ ငလျင်လှုပ်ခတ်ပြီး နာရီပေါင်းများစွာကြာသည့်တိုင် ငလျင်ဒါဏ်ခံစားခဲ့ရသည့်ဒေသများမှ မြေပြင်သတင်းများအား သတင်းဌာနများသို့ ပေးပို့ရာတွင် ကြန့်ကြာခြင်း၊ ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကြန့်ကြာခြင်းနှင့် လုံလောက်စွာ မရရှိခြင်းမှာလည်း စစ်တပ်၏ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားခြင်းနှင့် တနည်းတဖုံဆက်စပ်နေနိုင်ကြောင်း သုံးသပ်နိုင်သည်။ (ကောက်ချက်ချနိုင်သည်)
မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲပိုင်း စစ်ကိုင်းမြို့ အနောက်မြောက်ဘက်၌ ဗဟိုတည်၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ၈၀% ပျက်စီးခဲ့ရသည့် စစ်ကိုင်းမြို့သို့ပင် မတ်လ ၃၀ ရက်နေ့၊ ညနေပိုင်းမှသာ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာခဲ့ရခြင်းမှာလည်း စစ်တပ်၏ ညံံ့ဖျင်းမှု တရပ်ပင်လော သို့မဟုတ် စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ပိတ်ပင်နေခြင်းပင်လောဟူသည်မှာ မေးခွန်းထုတ်ချင်စဖွယ်ပင်ဖြစ်သည်။ ထို့အပြင် NUG လက်အောက်ခံဒေသခံကာကွယ်ရေးတပ်များနှင့် အခြားသောတိုင်းရင်းသားတော်လှန်ရေးတပ်များမှ လတ်တလောကာလအတွင်း စစ်တပ်နှင့်၎င်းတို့ကြား အပစ်အခတ်ရပ်ဆဲထားရန် အသီးသီးတရားဝင်ထုတ်ပြန်ထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ စစ်တပ်အား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်၌ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများအား ချက်ချင်းရပ်တန့်ရန်တိုက်တွန်းထားသည့်တိုင် စစ်တပ်သည် လုံးဝဂရုမစိုက်ဘဲ ဆက်လက်ကျူးလွန်နေဆဲပင်ဖြစ်သည်။ ယခုကဲ့သို့ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူများပူဆွေးသောကရောက်နေကြရသည့် အရေးပေါ်အခြေအနေမျိုး၌ပင် မြေပြင်ထိုးစစ်ဆင်မှုများနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ နေ့စဥ်ရက်ဆက်ကျူးလွန်နေသော မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်၏ အဓိကရည်ရွယ်ချက်မှာ လူသတ်ရန်တစ်ခုသာ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
နောက်ဆုံးရရှိထားသည့် သတင်းများအရလည်း စစ်တပ်သည် ငလျင်လှုပ်ခတ်ပြီး အစောပိုင်းရက်များတွင် ဒေသတချို့၌ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပြီး ယခု ဧပြီလ (၂) ရက်နေ့တွင်မူ အာဏာသိမ်းစစ်တပ်မှ ငလျင်ဒဏ်သင့်ပြည်သူလူထုအား စာနာထောက်ထား၍သော်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်လာခဲ့သည်။ အပစ်အခတ်ရပ်ဆဲရေး ကြေညာထားသော်လည်း စစ်တပ်မှ ပုသိမ်- မုံရွာလမ်းတလျောက် ကျေးရွာများသို့ လက်နက်ကြီးများနှင့် ဧပြီလ (၂) ရက်နေ့ မနက်ပိုင်းအထိ ပစ်ခတ်နေကြောင်းသိရပြီး ယခုလိုအခြေအနေများကြောင့် ဒေသခံပြည်သူများ ညတွင်းချင်းစစ်ရှောင်နေကြရသလို လက်ရှိချိန်ထိလည်းထွက်ပြေးနေရကြောင်း သိရသည်။ ထို့အပြင် ယနေ့ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းထိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တဝိုက်၌လည်း စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်သည်။
ထို့အပြင် ၎င်းဒေသအများစု၌ စစ်တပ်မှ ယခုအချိန်ထိတိုင် ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများအား ပြန်လည်ဖွင့်ပေးထားခြင်းမရှိသေးကြောင်း သိရှိရသည်။ ယခင်က ဆက်သွယ်ရေးလိုင်းများ ချိတ်ဆက်အသုံးပြုနေနိုင်လျက်ရှိသည့် ဒေသများ၌ပင် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်ခြင်းများ ကြုံတွေ့နေရပြီး ဆက်သွယ်ရေး၌ ခက်ခဲမှုများရှိကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ဆက်သွယ်ရေးလိုအပ်ချက်များအတွက် အီလွန်မတ်၏ (SpaceX) ကုမ္ပဏီမှ Starlink စက်များအား မြန်မာနိုင်ငံသို့ ပံံ့ပိုကူညီပေးရန်ဆန္ဒရှိကြောင်း အတိအလင်းကြေညာထားသော်လည်း သက်ဆိုင်ရာအစိုးရ၏ ခွင့်ပြုချက်အား ယနေ့တိုင် စောင့်ဆိုင်းနေရဆဲဖြစ်သည်။
အကြံပြုချက်
၁။ စပ်တပ်အနေဖြင့် ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများအား အကန့်အသတ်မရှိ ပြန်ဖွင့်ပေးရန်။
၂။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအား (ဗုံးကြဲခြင်း)နှင့်၊ မြေပြင်ထိုးစစ်ဆင်မှုများအား ချက်ချင်း ရပ်တန့်ရန်။
၃။ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် လျှပ်စစ်မီးပေးစနစ်များအား ဦးစားပေးပြင်ဆင်ရန်။
၄။ နိုင်ငံတကာမှ ပေးပို့လာသည့် အကူအညီနှင့် အထောက်အပံ့ ပစ္စည်းများအား မြေပြင်တွင်လိုအပ်နေသည့် နေရာများသို့ရောက်ရှိကာ အကျိုးရှိရှိထိရောက်စွာ အသုံးပြုရန်။
၅။ တယ်ရီကွန်းကုမ္ပဏီများအနေဖြင့်လည်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသော စစ်တပ်အပေါ် သဘာဝဘေးအန္တရာယ်ကျရောက်နေသည့် အချိန်အတွင်း ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိစေရန် တစုံတရာတွန်းအားပေးမှု ပြုလုပ်ရန်။
၆။ ငလျင်ဒါဏ်ကြောင့် ဖုန်းတာဝါတိုင်များ ပျက်စီးခဲ့သောဒေသများ၌ တယ်လီကွန်းကုမ္ပဏီများအနေဖြင့် မိုဘိုင်းတာဝါတိုင်ကားများ စီစဥ်၍ စေလွတ်ရန်။
၇။ ဒေသခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ နယ်မြေစိုးမိုးမှု ရယူထားသည့်ဒေသများ၌ (ယခင်ကာလများကဲ့သို့) Starlink အင်တာနက်အား ဒေသခံပြည်သူများ သုံးစွဲနိုင်အောင် စီစဥ်ဆောင်ရွက်ပေးနိုင်ရန်။
၈။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်းများ အသုံးပြုနိုင်ရန်အတွက် ကြိုးစားအားထုတ်နေလျက်ရှိသည့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ (စစ်တပ်မဟုတ်သည့်) အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီပံ့ပိုးရန်။