သတင်းမီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်နေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအား လေ့လာဆန်းစစ်ချက်

သတင်းမီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်နေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအား လေ့လာဆန်းစစ်ချက်

အကြမ်းဖက်ခြင်းနှင့် အကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် အာဏာသိမ်းစစ်တပ် နှင့် နိုင်ငံတကာအကြား ကွာခြားပုံ

အကြမ်းဖက်ဝါဒဟူသောဝေါဟာရသည် ရှုပ်ထွေးကျယ်ပြန့်ပြီး တကမ္ဘာလုံးက သေဘာတူညီထားသော ဘုံအဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပေ။ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက သီးခြားစီဖွင့်ဆိုထားကြေသော ဖွင့်ဆိုချက်များကိုသာ အများအပြားတွေ့မြင်ရနိုင်သည်။

အကြမ်းဖက်ဝါဒကို ကမ္ဘာလုံးဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုရန် ဘုံသဘောတူညီချက်ရယူရန်ခဲယဥ်းခြင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးသည် အကြမ်းဖက်မှုဟူသော ခေါင်းစဥ်အောက်တွင် အကျုံးဝင်မှုရှိခြင်း၊ မရှိခြင်းနှင့်  အစိုးရမဟုတ်သောဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ရန် သင့်၊ မသင့်အပေါ် အငြင်းပွားမှုများကြောင့်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် အခြေခံအကျဆုံး လူ့အခွင့်အရေးဖြစ်သည်နှင့်အညီ ကမ္ဘာတဝှမ်းတွင် အကြမ်းဖက်ဝါဒနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှုကိုတိကျစွာ အဓိပ္ပာယ်ဖော်ဆောင်နိုင်ခြင်းမရှိသေးပါ။ သို့သော်  ကမ္ဘ့ာကုလသမဂ္ဂ၏ ၁၉၉၄ ခုနှစ်၊ နိုင်ငံတကာအကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ချက်များဆိုင်ရာကြေငြာစာတမ်းတွင်မူ အဖွဲ့အစည်းတခုကဖြစ်စေ၊ တဦးတယောက်ကဖြစ်စေ အများပြည်သူကို အကြမ်းဖက်ရန်ရည်ရွယ်လုပ်ဆောင်သော ရာဇဝတ်မှုများသည် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အယူအဆကွာခြားချက် မည်သည်ကိုမူတည်၍လုပ်ဆောင်စေကာမူ ခြွင်းချက်မရှိ အကြမ်းဖက်မှုအဖြစ် သတ်မှတ်သည်ဟုပါရှိသည်။

နိုင်ငံရေးနှင့် ဘာသာရေးရည်မှန်းချက်များဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုလုပ်ဆောင်ခြင်းကို အကြမ်းဖက်မှုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ခြွင်းချက်မရှိထည့်သွင်းလိုက်ခြင်းတွင်လည်း သဘောထားကွဲလွဲချက်များက ဆက်ရှိနေသေးသည်။ အထူးသဖြင့် နိုင်ငံတကာ၏ကျောထောက်နောက်ခံမရှိသော ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့များကို ကမ္ဘာ့နိုင်ငံအများစုက အကြမ်းဖက်အဖွဲ့အဖြစ် အသိအမှတ်ပြုထားခြင်းပင်ဖြစ်သည်။

ဤသို့သဘောထားကွဲလွဲမှုကြောင့် နိုင်ငံတကာသုတေသီများက ရည်ရွယ်ချက်သာမက အဖွဲ့အစည်းတခု၏ လုပ်ဆောင်ချက်များအပေါ်အခြေပြု၍ အကြမ်းဖက်မှုကို အဓိပ္ပာယ်ဖွင့်ဆိုကြပြန်သည်။ ထို့ကြောင့် အကြမ်းဖက်နှင့် လက်နက်ကိုင်တော်လှန်သူများကို ခွဲခြားရာတွင် အပြစ်မဲ့အရပ်သားနှင့် စစ်ဘက်ပစ်မှတ်များကို ခွဲခြားရန်မှာအနှစ်သာရဖြစ်လာသည်။ အပြစ်မဲ့ပြည်သူများအပေါ် အဓိကပစ်မှတ်ထားတိုက်ခိုက်ရန် လုပ်ဆောင်ချက်များကိုသာ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကြသူများလည်းရှိသည်။ ဤသို့ ဝိဝါဒကွဲလွဲမှုနှင့် အဓိပ္ပာယ်တိကျစွာ သတ်မှတ်ထားနိုင်စွမ်း မရှိထားခြင်းကြောင့် ကမ္ဘ့ာနိုင်ငံကြီးများအပါအဝင် အာဏာရှင်နိုင်ငံအများစုက ဒီမိုကရေစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်သူတိုင်းရင်းသားလူနည်းစုများနှင့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာခြင်းများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လျက်ရှိသည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေသည်လည်း ဤကဲ့သို့ပင်ဖြစ်သည်။ နိုင်ငံတကာတွင် အကြမ်းဖက်စံနှုန်းများအပေါ် သဘောထားကွဲလွဲမှုရှိနေခြင်းကြောင့် စစ်တပ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တော်လှန်သည့် အရပ်သားပြည်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လွတ်လပ်သောသတင်းမီဒီယာအဖွဲ့အစည်းများရှိ သတင်းထောက်များကို စိတ်ကြိုက်ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချနိုင်ရန် အသုံးပြုနေနိုင်ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် အဆိုပါသဘောထားကွဲလွဲမှုနှင့် ရှင်းလင်းပြတ်သားသည့် တရားဝင်စံနှုန်းမရှိခြင်းကို ခုတုံးလုပ်ကာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေခြင်းဖြစ်သည်။

အကြမ်းဖက်မှုသည် နိုင်ငံတကာရာဇဝတ်မှု အဖြစ်သတ်မှတ်ခံထားရသည့်အလျောက် ပြစ်ဒဏ်များမှာလည်း ကြီးမားလှသည်။ အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်မှုများစွာဖြစ်ပေါ်စေလျက်ရှိသော အကြမ်းဖက်မှုများအတွက် ထိရောက်စွာကာကွယ်ပေးနိုင်မည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများ ရှိရန်လိုအပ်သည်။ သို့သော်လည်း

ထိုဥပဒေကို ပြည်တွင်းတော်လှန်ရေးဖြစ်စဥ်အတွင်း ပါဝင်နေကြသော တက်ကြွလှုပ်ရှားသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များနှင့်  လွတ်လပ်သော သတင်းမီဒီယာသမားများကို အကြမ်းဖက်မှုခေါင်းစဥ်ဖြင့် အရေးယူခြင်းသည် အခြေခံအကျဆုံးလူ့အခွင့်အရေးကို ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။

လက်ရှိကာလအတွင်း အာဏာသိမ်းစစ်တပ်အသုံးပြုနေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၏ သဘောသဘာဝနှင့် ကြန်အင်လက္ခဏာများ

အကြမ်းဖက်မှုအားတိုက်ဖျက်ခြင်းဟူသည့် သဘောတရားသည် သာမန်အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ထိခိုက်နစ်နာဆုံးရှုံးအောင် ပစ်မှတ်ထားတိုက်ခိုက်သည့်လုပ်ရပ်များကို နိုင်ငံတော်နှင့် အစိုးရယန္တရားများမှကာကွယ်ပေးခြင်းဟု နားလည်နိုင်သည်။ ဒီမိုကရေစီစနစ်ကို လိုက်နာကျင့်သုံးသော တရားဥပဒေစိုးမိုးရေးနှင့် လူ့ရပိုင်ခွင့်ပြည့်ဝသည့်နိုင်ငံများ၌ပင် အရပ်သားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်၊ လွတ်လပ်ခွင့်နှင့် တခြားသောလွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း၊ စီတန်းလှည့်လည်ခြင်းဆိုင်ရာ အခွင့်အရေးများအပေါ်တွင် အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို တားဆီးကာကွယ်ပေးနိုင်ရန်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းကျင့်သုံးကြသည်။   ထို့အတွက်ကြောင့် ဤဥပဒေသည်လည်း အများပြည်သူအကျိုးစီးပွားကိုဦးတည်သည့် ရှုထောင့်မှကြည့်လျှင် လိုအပ်သည့်ဥပဒေတရပ်ဖြစ်နေသည်ကို တွေ့ရပေမည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ သဘောသဘာဝ နှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေမယ်အေးက

တကယ်လို့ ဒီအများပြည်သူကို အနှောင့်အယှက်ဖြစ်အောင် အကြမ်းဖက်လုပ်ဆောင်တဲ့ဟာတွေ၊ အများပြည်သူ အေးချမ်းစွာ နေထိုင်နေတဲ့ နေရာတွေ ဒါမှမဟုတ်ရင် ပြည်သူတွေရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒအရ ထုတ်ဖော်တာကို အကြမ်းဖက်ဖြိုခွဲတာတွေ လုပ်တဲ့အခါကျရင်  တားဆီးဖို့အတွက်ကို ဒီအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေက ပေါ်ပေါက်လာတာဖြစ်တယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့ ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဟာ တိုင်းပြည်မှာ ရှိဖို့မလိုအပ်ဘူးလားလို့ပြောရင် ကျွန်မအမြင်အရဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်မှုဥပဒေသည် တိုင်းပြည်မှာ ရှိဖို့လိုအပ်တယ်။ ဒါပေမဲ့ ဘာရှိလဲဆိုတော့ အဲ့ဒီဥပဒေသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြစ်တဲ့အတွက်ကြောင့် အကြမ်းဖက်မှုကိုလုပ်ဆောင်တဲ့ လူအကုန်လုံးသည် ဒီဥပဒေအောက်မှာ တရားစွဲဆိုတာခံရမှာဖြစ်တယ်။ အဲ့တော့ အကြမ်းဖက်မှုဆိုတဲ့ Nature ပေါ့နော်”ဟု ဆွေးနွေးခဲ့သည်။

သို့ရာတွင် စစ်တပ်ပြင်ဆင်လိုက်သည့် ဥပဒေ၏ အခန်း(၃) အပိုဒ်ခွဲ (ခ) ၌မူ အကြမ်းဖက်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်အား ယေဘူယျဆန်စွာ ထည့်သွင်းပြဌာန်းထားသည်။ [အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ အခန်း(၃)၊ အပိုဒ်ခွဲ (ခ) စက်တင်ဘာ ၂၆၊ ၂၀၂၄ ပြင်ဆင်ချက်ဥပဒေ] ထို့အပြင် ယင်းအခန်း(၃) ပြဌာန်းချက်တွင် အကြမ်းဖက်သမားကို သေချာစွာအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိဘဲ ၎င်းတို့အားဆန့်ကျင်သူများကို လွယ်ကူစွာဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုဟု လိုရာဆွဲကောက်ချက်ချနိုင်သည့် သဘောတရားများကိုသာ ကျယ်ကျယ်ပြန့်ပြန့် ထည့်ရေးထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) နှင့် အခြားသော နိုင်ငံရေးအစုအဖွဲ့များကို အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုဟုသတ်မှတ်ကာ ဥပဒေထဲတွင် ကျယ်ပြန့်စွာအနက်အဓိပ္ပာယ်ဆွဲယူ၍ ရနေကြောင်းတွေ့ရှိရသည်။ ထို့အပြင် ပြဌာန်းချက်အသစ်ထဲတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တိုင်တန်းချက်ရောက်လာလျှင် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားရသည့် အဆင့်ကိုဖြုတ်ချပစ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့်ထိပါဝင်သော တရားစွဲဆိုခွင့်ပြုမိန့်ပေးသည့် ကော်မတီတရပ်ကိုဖွဲ့ကာ ၎င်းကော်မတီမှ အလိုအလျောက်ထောက်ခံပေးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို၍ရနေခြင်းဖြစ်သည်။ ဤကဲ့သို့ ကော်မတီဖွဲ့ပုံအဆင့်ဆင့်ကို သုတေသီလီလီက ယခုလိုမှတ်ချက်ပေးသည်။

စစ်ကောင်စီလက်ထက်မှာဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်တယ်။ ပယ်ဖျက်လိုက်ပြီးတော့ တရားစွဲဆိုခွင့်ပြုမိန့်ကော်မတီ၊ နေပြည်တော်ကနေစပြီးတော့မှ တိုင်းဒေသကြီးအဆင့်အထိ ပါဝင်တဲ့ ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းတယ်။ … ဒါမဲ့စစ်ကောင်စီလက်ထက်မှာ လူတိုင်းကို ဒီဥပဒေနဲ့ တရားစွဲချင်တဲ့အတွက် အဲ့ဒီ့ပြဌာန်းချက်အသစ်တခုကို သုံးပြီးကော်မတီဖွဲ့ပြီး အဲ့ကော်မတီကလည်း အလိုအလျောက်ကို ထောက်ခံပေးတာဖြစ်တယ်။

ထို့ကြောင့် အကြမ်းဖက်သမားဟု ယူဆရသူတဦးအား ယခုကဲ့သို့လွယ်ကူစွာ တရားစွဲဆိုထောင်ချနေခြင်းသည်  လက်ရှိတရားစီရင်ရေးယန္တရားအပေါ် မေးခွန်းထုတ်စရာဖြစ်နေပေသည်။

ဤဥပဒေပါ ပုဒ်မဖြစ်သည့် ပုဒ်မ-၃(ခ)(၁၅) ၌ “အကြမ်းဖက်အုပ်စု တခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ သူတဦးဦးအား ပါဝင်စေရန်တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများ” ဆိုသည့် အပိုဒ်ကိုကျူးလွန်လျှင် ပြစ်မှုပြစ်ဒဏ် ပုဒ်မ-၅၂(က)ဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံးထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပါရှိသည်။ ဤအပိုဒ်သည် သတင်းသမားများ၏ သတင်းရယူဖြန့်ချီခြင်းအား ခြိမ်းခြောက်လျှက်ရှိပြီး မီဒီယာလွတ်လပ်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ဟန့်တားရန် ပြဌာန်းထားခြင်းပင်ဖြစ်သည်။ ထို့အပြင် ပုဒ်မ-၅၀ ပါ ပုဒ်မခွဲများသည်လည်း ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲတရားစွဲဆိုနိုင်သည့် ပုဒ်မများဖြစ်ပြီး ပုဒ်မ-၅၀(ည) ဖြင့် တရားစွဲဆိုထောင်ချခြင်းများကို အများဆုံးတွေ့ရသည်။ ယင်းပုဒ်မအရ ထောင်ဒဏ်အနိမ့်ဆုံး (၁၀) နှစ်မှ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။ သို့ရာတွင် သတင်းထောက်များအား နှစ်ရှည်ထောင်ဒဏ်ပေးရန် ဖော်ပြပါဥပဒေပုဒ်မများကို အသုံးပြုနေကြောင်း သုတေသီကိုထက်က “ဖိနှိပ်တဲ့အခါမှာလည်း ဘယ်လိုမှဆက်စပ်မှုမရှိတဲ့ CT Law မျိုးနဲ့လုပ်တာမျိုးကတော့ ဒါမသင့်တော်ဘူး။ မသင့်တော်ဘူးလို့ပြောပေမဲ့လည်း စစ်ကောင်စီလက်အောက်မှာတော့ သူတို့လိုသလိုပဲသူတို့သုံးလို့ရတာပေါ့နော်။ ထောင်များများချချင်တယ် ရေရှည်ချချင်တယ် တသက်တကျွန်းလောက်အထိချချင်တယ်ဆိုတဲ့​ အခါမျိုးတွေမှာ သူတို့သုံးလိုက်တဲ့ နည်းလို့ပဲကျွန်တော်တို့မြင်တ​​ယ်” ဟု မှတ်ချက်ပြုသည်။ အချုပ်အားဖြင့် လူထုအာဏာကို အဓမ္မသိမ်းယူပြီး ပြည်သူတရပ်လုံးကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အစုအဖွဲ့ကို ထိခိုက်သည့်လုပ်ရပ်များကို အကြမ်းဖက်မှုဟု ယိုးစွပ်သတ်မှတ်ကာ ဤဥပဒေအား မှားယွင်းစွာအသုံးချနေသည်။ သို့သော် မြန်မာပြည်တဝှမ်း ပြည်တွင်းစစ်နှင့် လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ဖိနှိပ်မှုများကြားမှ ကန်ထွက်လာသည့် တုန့်ပြန်သည့်တော်လှန်ရေးတရပ်ဆိုသည်ကို မြန်မာလူထုနှင့်တကွ ကမ္ဘာ့ပြည်သူများက ကောင်းစွာသိရှိနားလည်နေပြီးဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက််ရေး ဥပဒေကို လက်ကိုင်တုတ်အဖြစ် အသုံးချနေခြင်းသည် ၎င်းတို့၏အကျိုးစီးပွားနှင့် အာဏာကို အကာအကွယ်ယူနေခြင်းဟု ဆိုရပေမည်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းမှီ အရပ်သားအစိုးရလက်ထက်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား အသုံးပြုခဲ့သည့် ဖြစ်စဉ်

ဤဥပဒေသည် ၂၀၂၁ ခုနှစ်၊ အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တွင်လည်း အသုံးချခဲ့မှုများမြင်တွေ့ခဲ့ရပြီး အထူးသဖြင့် အာရက္ခတပ်တော် (Arakan Army)နှင့် ဆက်စပ်သူများအား ဖမ်းဆီးချုပ်နှောင်၊ အရေးယူရာတွင် အသုံးများခဲ့သည်ကိုတွေ့ရသည်။ အဆိုပါအစိုးရလက်ထက်၌ အာရက္ခတပ်တော်အား အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားခြင်းကြောင့် Arakan Association – Singapore ပရဟိတအဖွဲ့ခေါင်းဆောင် ဟိန်းဇော်အပါအဝင် (၆)ဦးသည် ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ၅၂(က)နှင့် ၅၀(ည)တိုဖြင့် အမှုဖွင့်၊ တရားစွဲဆိုခံခဲ့ရသည်။ သဘောတရားအားဖြင့် ဤဥပဒေသည် ရည်ရွယ်ရင်း ကောင်းမွန်သော်လည်း ပြီးခဲ့သည့်အရပ်သားအစိုးရလက်ထက်၌ပင် ဖိနှိပ်မှုများကြောင့် လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သည့် အာရက္ခတပ်တော်ကိုပင် အကြမ်းဖက်အဖွဲ့ဟုကြေငြာ၍ အာဏာအလွဲသုံးစားပြု၊ အရေးယူခဲ့သည်ကိုတွေ့ရသည်။

ဆက်ဖတ်ရန် MM | ENG

Leave a Reply

Your email address will not be published. Required fields are marked *

You missed