
ဆိုရှယ်မီဒီယာ အင်တာနက်စာမျက်နှာများကို တားမြစ်ပိတ်ပင်ခြင်း
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို ယာယီပိတ်ထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဖေ့စ်ဘုတ်အပါအဝင် အခြားသော လူမှုဆက်သွယ်ရေးအပလီကေးရှင်းများ၊ မီဒီယာများနှင့် အင်တာနက်ဝက်ဘ်ဆိုက်ဒ်များကိုလည်း ပိတ်ပင်ခဲ့သည်။ ထို့အပြင် လူသိထင်ရှား အသုံးများသော လုံခြုံရေးစနစ်အားကောင်းသည့် “Signal” အသုံးပြုမှုကိုလည်း ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်ထဲတွင် ပိတ်ပင်ခဲ့သည်။ သတင်းအချက်အလက်လုံခြုံရေးအတွက် ကြားဖြတ်ထောက်လှမ်းမှုနှင့် စောင့်ကြည့်မှုများမှ အကာကွယ်ပေးသည့် Signal စာတိုပေးပို့မှုစနစ်သည် အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများ၊ သပိတ်ဖော်ဆောင်သူများနှင့် တက်ကြွလှုပ်ရှားသူများအကြား အသုံးဝင်သည်။
Signalသုံးရင်က အဲဒီမှာ ရေးသားပြောဆိုနေတဲ့အရာတွေကို စစ်တပ်အနေနဲ့ စောင့်ကြည့်ဖို့တို့၊ ကြားဖြတ် ထောက်လှမ်းဖို့တို့က မဖြစ်နိုင်ဘူး။ အဲဒါကြောင့် သူတို့က လူထုအသုံးပြုလို့ရတဲ့ လုံခြုံတဲ့ Communication Channel တွေ မရှိစေချင်တာ၊ မကျန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်တာလို့တော့ ပြောလို့ ရပါတယ်။”
တဖက်တွင်လည်း လူထုအကြား အများဆုံးအသုံးပြုနေသော Facebook နှင့် YouTube ကဲ့သို့သော နေရာများတွင် အစားထိုးနိုင်ရန်တွက် My Space Myanmar၊ Okay Par နှင့် “Mtube”တို့ကို အစားထိုးမိတ်ဆက်ခဲ့သော်လည်း အောင်မြင်မှုရရှိခဲ့ခြင်း မရှိပါ (DVB ၂၀၂၄၊ ဇွန် ၄။ RFA Burmese ၂၀၂၂၊ စက်တင်ဘာ ၉)။ VPN အသုံးပြုမှုများကို တာဆီးပိတ်ပင်ကာ VPN မလိုသည့် ၎င်းတို့၏ အင်တာနက်ဆိုရှယ်မီဒီယာရပ်ဝန်းကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ၎င်းတို့၏ ဝါဒဖြန့်ယန္တရားတခုဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား (MRTV) ဆော့ဖ်ဝဲကို ၂၀၂၂ ခုနှစ် မေလအတွင်းတွင် Google Play Store နှင့် App Store တို့မှာ တင်ခဲ့သော်လည်း ချက်ချင်းပင် ဖယ်ရှားခံခဲ့ရသည်။ အဆိုပါပလက်ဖောင်းများကို လူထုအကြား ဝါဒဖြန့်ချီရန်နှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များအား ထိန်းချုပ်ချယ်လှယ်နိုင်ရန် ရည်ရွယ်ကာ အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။
ထို့နောက် အကြမ်းဖက်စစ်တပ်သည် အွန်လိုင်းနှင့် လူမှုအင်တာနက်စာမျက်နှာအသုံးပြုမှုများကို ပို၍စနစ်တကျစောင့်ကြည့်၊ အရေးယူနိုင်ရန်အတွက် နိုင်ငံတော်အဆင့် ဒု-ဝန်ကြီးများပါဝင်သည့် အွန်လိုင်းအင်တာနက်စောင့်ကြည့်ရေးကော်မတီတခုကို ကော်မတီအဖွဲ့ဝင် ၁၁ ဦးဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဒုတိယပတ်တွင် ဖွဲ့စည်းခဲ့သည် (RFA Burmese ၂၀၂၄၊ ဇန်နဝါရီ ၂၄)။ ထိုကဲ့သို့ ဒီဂျစ်တယ်အခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိနှင့် စနစ်တကျအကောင်အထည်ဖော်လျက်ရှိသည့် ဖိနှိပ်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Freedom House အဖွဲ့၏ “Freedom on the Net 2024” အစီရင်ခံစာတွင် အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်ခံနေရမှုအဆင့်တွင် ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဒုတိယအဆိုးရွားဆုံး နိုင်ငံဖြစ်ကြောင်းကို ဖော်ပြထားသည် (Freedom House ၂၀၂၄၊ အောက်တိုဘာ၊ ၁၆)။
Virtual Private Network (VPN) အသုံးပြုမှုများကို တားမြစ်ပိတ်ပင်ခြင်း၊ ဖမ်းဆီးအရေးယူခြင်း
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အကြမ်းဖက်စစ်တပ်သည် ဒု-ဝန်ကြီးများပါဝင်သည့် အင်တာနက်စောင့်ကြည့်ရေးကော်မတီတခုကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီးသည့်နောက် ၂၀၂၄ ခုနှစ်စတင်သည်နှင့် ဒီဂျစ်တယ် အခွင့်အရေးများကို ဖိနှိပ်ကန့်သတ်သည့် လုပ်ရပ်များကို ဆက်တိုက်တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများထဲတွင် ပိတ်ပင်ထားသော အင်တာနက်စာမျက်နှာများနှင့် ဆိုရှယ်မီဒီယာရပ်ဝန်းများကို ဖြတ်ကျော်ဝင်ရောက်နိုင်ရန် အသုံးပြုသည့် VPN ဆော့ဖ်ဝဲအသုံးပြုမှုများကို ၂၀၂၄ ခုနှစ် မေလမှစ၍ တားဆီးပိတ်ပင်ခြင်းများပါဝင်သည် (ဘီဘီစီမြန်မာ ၂၀၂၄၊ ဇွန် ၆)။ နိုင်ငံအဝန်းရှိ ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းများတွင် VPN ဆော့ဝဲလ်များတွေ့ရှိပါက ဒဏ်ရိုက်အပြစ်ပေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည် (ဧရာဝတီ ၂၀၂၄၊ ဇွန် ၁၅)။
ထိုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းများကို မြို့ကြီးများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များတွင်သာမက၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ချင်းနှင့် ရှမ်းပြည်နယ်များရှိ မြို့များတွင်လည်း အာဏာသိမ်းစစ်တပ်၏ လုံခြုံရေးရဲများနှင့် စစ်သားများက လမ်းမများပေါ်တွင် လုံခြုံရေးဂိတ်များချ၍ ခရီးသွားပြည်သူများ၏ ဖုန်းများကို စစ်ဆေးအရေးယူမှုများ ခပ်စိပ်စိပ်ပြုလုပ်လာခဲ့သည် (RFA Burmese ၂၀၂၄၊ ဇွန်၊ ၁၃)။ VPN ပိတ်ပင်ခြင်းများကို စတင်လုပ်ဆောင်လာသည့် မေ နှင့် ဇွန်လ အတွင်း ဧရာဝတီတိုင်းတခုတည်း၌ပင် ဖမ်းဆီးအရေးယူခံခဲ့ရသည့် အရပ်သားဦးရေ အနည်းဆုံး ၂၅ ဦးအထိ ရှိခဲ့သည်ကို တွေ့ရသည် (Grant Peck ၂၀၂၄၊ ဇွန် ၁၅)။ ထို့အတူ ဒေသအခြေစိုက် သတင်းဌာနတခုဖြစ်သည့် မြေလတ်အသံသတင်းဌာန၏ ဇွန်လအတွင်းထုတ်ပြန်ခဲ့သည့် သတင်းတပုဒ်တွင်လည်း ပဲခူးတိုင်း၊ ဇီးကုန်းမြို့တွင် အမျိုးသားနှစ်ဦး၏ လက်ကိုင်မိုဘိုင်းလ်လ်ဖုန်းကို ရဲများ၏ ရှောင်တခင် စစ်ဆေးခြင်းခံခဲ့ရပြီး VPN ဆော့ဝဲလ်တွေ့ရှိသဖြင့် ဖမ်းဆီးခံခဲ့ရသည် (ခန့်အောင် ၂၀၂၄၊ ဇွန် ၁၄)။
အများပြည်သူအကြား VPN အသုံးပြုမှုများကို စစ်ဆေးဖမ်းဆီးခြင်းများအပြင် ဥပဒေမဲ့ ခြိမ်းခြောက်ဒဏ်ငွေရိုက် အရေးယူခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ဒေသတွင်းသတင်းဖြစ်စဉ်တခုအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လမ်းတခုတွင် အကြမ်းဖက်စစ်တပ်၏ စစ်သားများသည် အမျိုးသားတဦးအား ၎င်း၏မိုဘိုင်းလ်လ်ဖုန်းတွင် VPN ဆော့ဖ်ဝဲတွေ့ရှိသဖြင့်ဟုဆိုကာ ဖမ်းဆီးရန် ခြိမ်းခြောက်အကြပ်ကိုင်သဖြင့် ကျပ်ငွေတသိန်းပေးခဲ့ရသည့်အကြောင်းကို ဖော်ပြထားသည် (လူထုနွေဦး ၂၀၂၄၊ ဇွန် ၁၃)။ ထို့အတူ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင်လည်း ဇွန်လအတွင်း အရပ်သားပြည်သူ အနည်းဆုံး ငါးဦးကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများတွင် VPN တွေ့ရှိသဖြင့် ကျပ်ငွေ သုံးသိန်းမှ လေးသိန်းအထိ မတရားခြိမ်းခြောက် ဒဏ်ငွေတောင်းယူခဲ့သည် (RFA Burmese ၂၀၂၄၊ ဇွန်၊ ၁၃)။
ပြည်တွင်းသတင်းများ၏ ရေးသားဖော်ပြချက်များအရ အကြမ်းဖက်စစ်တပ်သည် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ရေးဆွဲလျက်ရှိပြီး ထိုဥပဒေမူကြမ်းတွင် “ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ VPN နည်းပညာ သို့မဟုတ် အလားတူနည်းပညာသုံး၍ ကွန်ရက်ထူထောင်ခြင်း၊ ကွန်ရက်သို့ ဝင်ရောက်ချိတ်ဆက်ခြင်း၊ အသုံးပြုခြင်းတွေ့ရှိပါက ထောင်ဒဏ် တနှစ်မှ သုံးနှစ်၊ ငွေဒဏ် သိန်း ၅၀ ချမှတ်နိုင်သည်”ဟု ရေးသားထားသည့်အကြောင်းကို ဖော်ပြထားကြသည် (အောင်ဇေ ၂၀၂၄၊ ဇွန် ၁၉)။ ဤလုပ်ဆောင်ချက်များကို ဆန်းစစ်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုအကြား သတင်းစီးဆင်းမှု၊ အင်တာနက် လွတ်လပ်ခွင့်နှင့် ဒီဂျစ်တယ်အခွင့်အရေးများကို ထိထိရောက်ရောက် ထိန်းချုပ်လာနိုင်ရန်အတွက် စနစ်တကျလုပ်ဆောင်လျက်ရှိသည်ကို တွေ့နိုင်မည်ဖြစ်သည်။
အွန်လိုင်းစောင့်ကြည့်ရေးယန္တရားများတည်ဆောက်ပြီး ပြည်သူများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ခြင်း
အကြမ်းဖမ်းစစ်တပ်သည် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို ပို၍ ထိထိရောက်ရောက် စောင့်ကြည့်ထောက်လှမ်းနိုင်ရန်အတွက် ပြီးခဲ့သည့်နှစ်များမှစ၍ နိုင်ငံသားများ၏ မှတ်ပုံတင်အစားထိုး Biometric အချက်အလက်များကို စနစ်တကျသိမ်းဆည်းစောင့်ကြည့်နိုင်မည့် smart card များဖြင့် အစားထိုးရန် စတင်လုပ်ဆောင်လာခဲ့သည် (နန်းလောဝ် ၂၀၂၄၊ မေ ၂၂)။ ထို smart card အစီအစဉ်၏ ကနဦးလုပ်ဆောင်ချက်အနေဖြင့် မှတ်ပုံတင်ပါအချက်အလက်ကို လူဝင်မှုကြီးကြပ်ရေး (လဝက) ကွန်ပြူတာထဲတွင် သိမ်းဆည်း၍ ကိုက်ညီခြင်းရှိ၊ မရှိဆုံးဖြတ်ပြီး Unique Identification Number (UID) ကို စတင်ထုတ်ပေးသည်။ အစောပိုင်းတွင် ပြည်သူများအနေဖြင့် လုံခြုံရေးစိုးရိမ်ချက်များနှင့် အဆိုပါကိုစနစ်၏ နောက်ဆက်တွဲအကျိုးဆက်များအား ကြောက်ရွံ့သောကြောင့် UID ကဒ်များကို သွားရောက်လုပ်ဆောင်ခြင်း မရှိခဲ့ကြသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ ထို smart card များကို ကိုင်ဆောင်ထားခြင်းမရှိသူများအား နိုင်ငံကူးလက်မှတ် ထုတ်မပေးခြင်း၊ ပြည်တွင်းခရီးသွားလာရေးများတွင် လိုအပ်သည်ထက်ပို၍ စစ်ဆေးမေးမြန်းခြင်းများနှင့် အတင်းအကြပ်ဖိအားပေးခြင်းများကြောင့် လုပ်ဆောင်သူများပြား လာခဲ့သည် (DVB ၂၀၂၄၊ ဧပြီ၊ ၄)။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ဉာဏ်ရည်တုသုံး CCTV camera များမှ ရုပ်ပိုင်းသွင်ပြင်ဒေတာများနှင့် ထို smart card များကို ချိတ်ဆက်ပြီး လူထုနှင့် တော်လှန်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် စတင်လုပ်ဆောင်လာသည်။
တဖက်တွင်လည်း အွန်လိုင်းငွေပေးချေမှုစနစ်များဖြစ်သည့် KBZ Pay၊ AYA Pay၊ Wave Money စသည့် အွန်လိုင်းငွေကြေးဝန်ဆောင်မှု ငွေအဝင်အထွက်စာရင်းများမှတဆင့် ၎င်းတို့ပစ်မှတ်ထားသည့်သူ သို့မဟုတ် သံသယရှိသူများအား ဖုန်းဆင်းကဒ် IMEI မှတဆင့် IP address များကို ခြေရာခံကာ ပြည်သူများအား ဖမ်းဆီးအရေးယူမှုများကို ယနေ့အချိန်ထိ လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် အဆိုပါ ဘဏ်ဝန်ဆောင်မှုများနှင့် ဆက်စပ်သူအများစုအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် စွဲချက်တင် ထောင်ချခြင်းများကိုလည်း လုပ်ဆောင်နေသည်ကိုတွေ့ရသည် (မိုးသောက် ၂၀၂၄၊ အောက်တိုဘာ၊ ၂၃)။ အစောပိုင်းကာလများတွင် အွန်လိုင်းဘဏ်ဝန်ဆောင်မှုစနစ်အသုံးပြုသူအပေါ် သံသယရှိလျှင် ၎င်းတို့၏ ဘဏ်အကောင့်များအား ပိတ်သိမ်းခြင်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သော်လည်း၊ နောက်ပိုင်းကာလများတွင် ထိုကဲ့သို့ ပိတ်သိမ်းခြင်းများအစား ထိုအကောင့်များနှင့် ဆက်စပ်နေသည့် (Exposed/ affiliated) အကောင့်ပိုင်ရှင်များကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်လက်အသုံးပြုစေခဲ့သည်ကို တွေ့ရှိရသည်။ ထိုမှတဆင့် အချိန်အတိုင်းအတာတခုရောက်သည်နှင့် ယင်းဆက်စပ်အကောင့်ပိုင်ရှင်များနှင့် ထိစပ်နေသည့် ၎င်းတို့ပစ်မှတ်ထားသူများအား ဆက်တိုက်ဖမ်းဆီးထောင်ချခြင်းများ လုပ်ဆောင်လာသည်။
အသေးစိတ်ဖတ်ရန်: PDF